မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင်ဘုရားလမ်းဝတွင် ပြင်းထန်ဒဏ်ရာများဖြင့် ယနေ့နံနက်ပိုင်းတွင် သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မြို့တွင်းသတင်းရင်းမြစ်များမှ သိရသည်။
အဆိုပါအမျိုးသား၏ အလောင်းသည် လက်တစ်ဖက်ပြတ်နေပြီး၊ ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာဟု ယူဆရသည့်ဒဏ်ရာများဖြင့် လမ်းမကြီးပေါ်တွင် သေဆုံးနေခဲ့သည်။
သေဆုံးသူသည် ရွှေနတ်တောင်ရပ်ကွက်တွင် နေထိုင်သူမဟုတ်သည့် မျက်နှာစိမ်းတစ်ဦးသာဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သေဆုံးမှု ဖြစ်ခဲ့သည်ကို မသိရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ သတင်းပေးပို့ချက်အရသာ အလောင်းလာရောက်သယ်ယူခဲ့ကြောင်း ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဓားခုတ်ခံရတာလား၊ ကားတိုက်ခံထားရလားတော့မသိဘူး။ ဒါမဲ့ ဒီကဒေသခံတွေမဟုတ်ဘူး၊ ရပ်ကွက်သူတွေ ဘယ်သူမှ သူ့ကိုမတွေ့ဖူးဘူး။ မနက် ၅ နာရီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုက ဖုန်းဆက်လာတော့ သိရတယ်။ ” ဟု ပြောသည်။
လက်ရှိတွင် အလောင်းကို မော်လမြိုင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကာ စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
သေဆုံးမှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်တိုက်မှုဟုသာဆိုပြီး တိုက်ပြေးသွားသည့်ယာဉ်ကို ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
ဓားဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသဖြင့် ယာဉ်တိုက်မှုမဖြစ်နိုင်ဟု မြို့ခံများက ပြောဆိုလျှက်ရှိသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ရထားဘူတာကြီး အရှေ့ဘက်ခြမ်းရှိ ရထားလမ်းဘေးရေမြောင်းအတွင်း သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့သည်။
ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်တွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိမှုဆက်တိုက်ရှိလာပြီး မည်သည့်အကြောင်းကြောင့် သေဆုံးမှုဖြစ်ခဲ့သည်ကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။