spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစပါးပင်များ ရက်ရှည်ကြာရေနစ်မြုပ်နေသဖြင့် ပျက်စီးဆုံးရှုံးမှုဖြစ်မည်ကို တောင်သူများစိုးရိမ်နေ

    စပါးပင်များ ရက်ရှည်ကြာရေနစ်မြုပ်နေသဖြင့် ပျက်စီးဆုံးရှုံးမှုဖြစ်မည်ကို တောင်သူများစိုးရိမ်နေ

    -

    မိုးသည်ထန်းစွာ ဆက်တိုက်ရွာသွန်းနေပြီး စပါးပင်များ ရက်သတ္တပတ်နီးပါး ရေနစ်မြုပ်နေသဖြင့် အပင်သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုရှိလာမည်ကို မိုးစပါးတောင်သူများက စိုးရိမ်နေသည်ဟု ဆိုသည်။

    ဇူလိုင်လ ၂၇ ရက်နေမှစ၍  ရေကြီးရေလျှံမှုဖြစ်နေသည့် ဘီးလင်း၊ ကျိုက်မရော၊သထုံမြို့နယ်များတွင် လယ်ဧကထောင်နှင့်ချီရေနစ်မြုပ်မှုဖြစ်နေပြီး ယနေ့အထိ စပါးပင်များမြုပ်နေဆဲ ဖြစ်သည်။

    လက်ရှိတွင် ကျိုက်မရောမြို့နယ်ရှိ ကော့သတ်၊ ကော့ခလိန်၊ ဓမ္မသ၊ ကော့ဝမ်း၊ တရနာကျေးရွာမှ စိုက်ပျိုးထားသည့် မိုးစပါးများ အမြစ်ပုပ်လာပြီး ပျက်စီးမှုအနည်းငယ်ရှိလာကြောင်း ကျိုက်မရောမှ မိုးစပါးတောင်သူတစ်ဦးက ဆိုသည်။

    “ အခုက ကျွန်တော်တို့နေတဲ့ ဘက်ခြမ်းမှာ လယ်ယာမြေတွေ ‌ဧကထောင်ကျော် မြုပ်နေတယ်။ မြစ်ရေတက်လာတော့ အကုန်မြုပ်နေတယ်။ စပါးပင်တောင် မမြင်ရဘူး။ ပျက်စီးသွားမလား၊ ရေကျလာမလား စောင့်နေရတယ်။ ရေတွေအခြားနေရာကိုဖောက်ထုတ်ဖို့လည်း လုပ်မရဘူး။ ရေအကုန်ပြည့်နေတယ်။ ” ဟု ပြောသည်။

    အထူးသဖြင့် ပျက်စီးလွယ်သည့် ဆန်မွှေးမျိုးစေ့စိုက်ပျိုးထားသည့်တောင်သူများ ပိုမိုစိုးရိမ်ရကြောင်းလည်း ဆိုသည်။

    လာမည့်ရက်ပိုင်းအထိ မိုးသည်ထန်းစွာ ဆက်တိုက်ရွာသွန်းပါက အပင်သေဆုံးနိုင်ပြီး၊ မိုးစပါးအထွက်နှုန်းလျော့နိုင်မည်ဟု ခန့်မှန်းနေကြသည်။

    အလားတူ ဘီးလင်းနှင့် သထုံမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးထားသော လယ်ယာမြေများတွင် ရေနစ်မြုပ်မှု ဖြစ်ပွားနေသည့်အပြင်၊ စပါးဖျက် ခရုလည်းများနေကြောင်း ဆိုသည်။

    “ကျနော်တို့မှာ ၂၅ ဧကက ရေမြုပ်တာလည်း ခံရတယ်၊ ပြီးတော့ ဒီခရုတွေ ကိုက်တာကိုလည်း ခံရတယ်။ ဒီခရုတွေက တော်တော်များတယ်၊ ပိုးသတ်ဆေးတွေလည်းမနိုင်ဘူး။ အပင်နုတွေ ကိုက်စားလိုက်တယ်။ ရှင်းဖို့ ခက်တယ်၊ ဆေးခဏခဏဖြန့်ရင်လည်း မြေတွေပျက်စီးတယ်” ဟု ဘီးလင်းမြို့နယ်ရှိ တောင်သူလယ်သမားတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ဘီးလင်းနှင့် ကျိုက်မရောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၃ သောင်းနီးပါး ပျက်စီးဆုံးရှုံးဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် မိုးစပါးဧက ၇ သိန်းနီးပါးအထိ စိုက်ပျိုးလေ့ရှိပြီး ရေကြီးနစ်မြုပ်မှုကြောင့် စပါးစိုက်ခင်း သောင်းနှင့်ချီပျက်စီးဆုံးရှုံးမှု ဖြစ်ပွားလေ့ရှိသည်။

    ယခုနှစ်မိုးရာသီတွင် ယမန်နှစ်ထက် မိုးပိုများနေသဖြင့် စပါး၊ ရော်ဘာနှင့် အခြားအသစ်ပျိုးထားသည့် သီးနှံအများစုတို့ အရွက်ကြေပျက်စီးမှုများနေပြီး အပင်သေဆုံးမှုဖြစ်မည်ကို စိုးရိမ်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks