spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ဒေသခံများ တိမ်းရှောင်နေကြရ

    ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ဒေသခံများ တိမ်းရှောင်နေကြရ

    -

    တနသႅာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၈၂ မှ အနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံတို့က ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

    အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှု၊ လူထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာသည့်အတွက် ကော့လှိုင်၊ မရမ်းချောင်းစသည့် ဒေသခံရာနှင့်ချီတို့က ကျေးရွာအတွင်း မနေထိုင်ရဲကြဘဲ တိမ်းရှောင်နေကြရသည်ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “သူတို့(တပ်ရင်း-၂၈၂) ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိလာတယ်လေ။ အဲဒါကြောင့် ကြောက်လန့်ပြီးတော့ ရွာကနေ ထွက်ပြေးပြီးတော့ စစ်ရှောင်သလို ဖြစ်လာကြတယ်။ ကော့လှိုင်ရွာကိုလည်း ရွာထဲမှာ မနေကြနဲ့ဆိုပြီး သူတို့ နှင်းထုတ်တာ ရှိတယ်။ အဲတာကြောင့် ရွာကနေ ပြေးရတဲ့လူတွေ ပိုများလာတာ ဖြစ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ကော့လှိုင်ကျေးရွာဘက်ကို စစ်ကောင်စီ၏ ခလရ-၂၈၂ မှ လက်နက်ကြီး (၇) လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တစ်လုံးက ကော့လှိုင်ကျေးရွာအနီး ဥယျာဉ်ခြံအတွင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် မိသားစုဝင် (၄) ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုလှုပ်ရှားခဲ့သည့် နေရာဖြစ်သည့် ခလရ-၂၈၂ တပ်ရင်း ဧရိယာအတွင်း အမည်မသိအမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

    “အဲဒီဒေသက တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်ကြီးတွေနဲ့ ခဏခဏ ပစ်ခတ်နေလို့ သူတို့ကြောက်လန့်ပြီး ပြေးလာရတာ။ ကော့လှိုင်နဲ့ မရမ်းချောင်းကလူတွေတော့ ပြေးရတာ များတယ်။ တစ်ချို့က ရာဖူးရွာဘက်ကို ပြေးလာပြီး ရှောင်နေကြတယ်။ တစ်ချို့ကလည်း ရေးမြို့ဘက်ကို တက်သွားကြတယ်” ဟု သာယာမွန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

    တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ စစ်ကြောင်းထိုးစဉ် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု၊ လေကြောင်း၊ ရေကြောင်းမှတဆင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု စစ်ရှောင်များကို အကူအညီပေးနေ သည့် FE5Tanintharyi အဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

    FE5Tanintharyi အဖွဲ့မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် လူဦးရေ လေးသောင်းကျော်ရှိနေပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts