ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ဘိန်းစာရွက်ပြုတ်ရည်ကြောင့် အသက်ဆုံးရှုံးသူဆက်တိုက်ရှိလာသည့်နောက် ရောင်းချသုံးစွဲမှုများကို မြို့ပေါ်လုံခြုံရေးယူထားသည့် (KNU) နှင့် (DKBA) အဖွဲ့များမှ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က ဘုရားသုံးဆူမြို့တွင် အမျိုးသား ၃ ဦး ဘိန်းစာရွက်ပြုတ်ရည် အလွန်အကျွန်သုံးစွဲမှုကြောင့် သတိလစ်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ကျွန်ချောင်းကျေးရွာရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ထိုနေ့တွင်ပင် ၃ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။
မြို့ပေါ်ရှိ လုံခြုံရေးအဖွဲ့များက ဘုရားသုံးဆူမြို့တွင်းရှိ ဘိန်းစာရွက်ပြုတ်ရည်ရောင်းချနေသည့် ဆိုင်များအားလုံး ပိတ်သိမ်းရန် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က သတိပေးခဲ့ပြီး လက်ရှိတွင် ပုံမှန်ရောင်းချနေသည့် ဆိုင်ပေါင်း ၁၀၀ ကျော် ပိတ်ထားရကြောင်း မြို့တွင်း လုံခြုံရေးတာဝန်ရှိသူများနှင့် နီးစပ်နေသူတစ်ဦးက ဆိုသည်။

“မြို့ပေါ်မှာက ဘိန်းစာရွက်ပြုတ်ရည်ဆိုင် ၁၀၀ ဆိုင်လောက်ရှိတယ်။ ခုတော့ ပိတ်သိမ်းလိုက်ရကုန်ပြီး။ ဒါပေမယ့် ပိတ်သိမ်းသော်လည်း ဘိန်းစာရွက်မဖြတ်နိုင်သူတွေက ကိုယ့်အိမ်ထဲမှာ ဆက်သောက်နေကြတယ်။ အခုတော့ အိမ်အထိဝင်ပြီး ဖမ်းဆီးတာမျိုး မရှိသေးဘူး”ဟု ပြောသည်။
ရောင်းချသူများကို ဖမ်းဆီးရမိပါက ထောင်ဒဏ် ၆ နှစ်နှင့် သုံးစွဲသူများအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်မည်ဟု သတိပေးထားကြောင်း ဆက်ပြောသည်။
ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲမှုများကြောင့် ဘုရားသုံးဆူမြို့ပေါ်တွင် ဒုစရိုက်မှုများလာသည့်အပြင် ကျန်းမာရေးထိခိုက်သူနှင့် အသက်ဆုံးရှုံးသူများလည်း တိုးလျှက်ရှိသည်။
“ဒီဘိန်းစာရွက်ပြုတ်ရည်က အသဲခြောက်အပါအဝင် ခန္ဓာကိုယ်နဲ့ သတ်ဆိုင်တဲ့ ရောဂါတွေဖြစ်ပြီး ကျွန်းချောင်းမှာ ဆေးရုံးတက်နေရတာမနည်းဘူး။ ဒါကြောင့် ဆရာ၊ ဆရာဝန်တွေက KNUတို့နဲ့တိုင်ပင်ပြီး ဇူလိုင် ၂၅ ရက်နေ့မှာ ဘိန်းစာရွက်ပြုတ်ရည် အရေးယူမယ့် အမိန့်ထုတ်လာခဲ့တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။
ဘုရားသုံးဆူမြို့တွင် KNU အပါအဝင် လုံခြုံရေးအဖွဲ့များက ဘိန်းစာရွက်ပြုတ်ရည်ရောင်းချသုံးစွဲမှုကို စတင်အရေးယူနေသော်လည်း ဘိန်းစာရွက်ပြုတ်ရည်ထက်ပိုမိုပြင်းထန်သည့် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းချသုံးစွဲနေသူများကို အရေးယူမှု အလွန်နည်းပါးနေသေးကြောင်းလည်း မြို့ခံများက ထောက်ပြပြောဆိုသည်။
အလားတူ ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်သည့် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့တွင်လည်း ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသူများကို တွေ့ရှိပါက တစ်လီတာဗူး ၁ ဗူးလျှင် ဒဏ်ငွေ ဘတ်နှစ်သောင်းနှင့် အချုပ် ၂၈ ရက် ဖြင့် ပစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
လက်ရှိ ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များတွင် ဗူးများဖြင့် အလွယ်တကူဝယ်ယူရရှိနေသည့် ဘိန်းစာရွက်ပြုတ်ရည်သည် အရွက်ကို အရည်ကျိုကာ အကြိမ်ကြိမ်ရေစစ်ဖြင့်စစ်ပြီး အခြားမူးယစ်ဆေးဝါး(သို့မဟုတ်) ချောင်းဆိုးပျောက်ဆေးရည်၊ တိုင်းရင်းဆေးဝါးများနှင့် ရော၍ဖျော်စပ်ထားကြောင်း သိရသည်။
ထို့အပြင် အခါကြီးရက်ကြီးများ၊ အလှူနေအိမ်များနှင့် ရိုးရာဓလေ့ပွဲတော်များတွင် ဘိန်းစာရွက်ပြုတ်ရည်ကို ထည့်သွင်းအသုံးပြုလာကြသည်မှာ အဆိုးဆုံးအခြေအနေသို့ရောက်ရှိလာပြီးဖြစ်ကြောင်း မူးယစ်ဆေးဝါးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများက မှတ်ချက်ပြုပြောဆိုလာသည်။