မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီ၏ ကွမ်ကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များမှ ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးသတင်ရင်းမြစ်များမှ သိရသည်။
အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီကာကင်းစခန်းကို တော်လှန်ရေးပူပေါင်တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့သည်ဟု (YPDF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရန်နိုင်က ပြောသည်။

“ကွမ်ကျိုက်တပ်စခန်းအနီးမှာ သူတို့(စကစ) အင်အားက ၂၀ နဲ့ ၃၀ ကြားရှိတဲ့ ကင်းပုန်းစခန်းကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ ပူပေါင်းပြီးတော့ ဒီမနက် ၁၀နာရီ နဲ့ ၁၁နာရီကြာမှာ ကျွန်တော်တို့ ဝင်တိုက်ခဲ့တာ နာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့တယ် ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး သူတို့ဘက်က ၂ယောက်သေသွားတယ် ” ဟု ဗိုလ်ရန်နိုင်က ပြောသည်။
အဆိုပါ တိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် KNLA တပ်ရင်း(၂၇) ၊ တပ်ခွဲ(၁) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ မောကနင့်အခြေစိုက် အမှတ် (၃၁၇)အမြှောက်တပ်မှ လက်နက်ကြီးဖြင့် (၈) ကြိမ်အထိ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ စစ်ကူအဖွဲ့များ ကွမ်ကျိုက်တပ်စခန်းသို့လာရောက်ပြီး စစ်အင်းအားများ ထပ်မံဖြည့်တင်းကာ ရွာအတွင်းနှင့် အနီးတဝိုက်နေရာများကို လုံခြုံရေးတင်းကြပ်ထားသည်။
“တိုက်ပွဲဖြစ်ပြီးတော့ သူတို့လက်နက်ကြီးနဲ့ ၈ ကြိမ်လောက် ပစ်လိုက်တာ၊ အခုသူတို့ အင်အားတွေထပ်ဖြည့်ထားတယ် ၊ အသွားအလာစစ်ဆေးတယ်၊ ကင်းလှည့်နေတယ် စစ်သားဝတ်စုံနဲ့တော့မဟုတ်ဘူး အရပ်ဝတ်အကျီနဲ့ပဲ သူတို့ အင်အား ၄၀လောက်ထပ်ဖြည့်ထားတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာ ရဲစခန်းအရှေ့ရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ရဲ (၂)ဦး၊ တပ်သား (၃)ဦး သေဆုံးခဲ့သေးသည်။
ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ယနေ့တိုက်ပွဲအပါအဝင် ဇူလိုင်လအတွင်း တိုက်ပွဲ ၄ ကြိမ်အထိ ဖြစ်ပွားခဲ့သဖြင့် ရေးမြို့ပေါ်နှငပ့လုံခြုံရေးအထူးတင်းကြပ်နေသည်ဟုလည်း ရေးဒေသခံတို့က ဆိုသည်။