Homeသတင်းကရင်နယ်ခြားစောင့်တပ် BGF တပ်အင်အားစုဆောင်းမှု ခပ်စိပ်စိပ် လုပ်ဆောင်လာ

ကရင်နယ်ခြားစောင့်တပ် BGF တပ်အင်အားစုဆောင်းမှု ခပ်စိပ်စိပ် လုပ်ဆောင်လာ

-

ကရင်အမျိုးသားတပ်မတော် KNA အဖြစ်သို့ အသွင်ပြောင်းဖွဲ့စည်းရန် ကြိုးပမ်းနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က တပ်အင်အားစုဆောင်းခြင်းတို့ကို ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံမှ နှုတ်ထွက်သည်ဟု ဆိုထားသည့် ကရင်နယ်ခြားစောင့်တပ် BGF သည် ကရင်အမျိုးသားတပ်မတော် KNA အဖြစ်သို့ အသွင်ကူးပြောင်းဖွဲ့စည်းသွားမည်ဟု BGF ခေါင်းဆောင် ဗိုလ်မှုးကြီး စောချစ်သူက ပြောဆိုလာသည့်နောက် ၎င်းတို့ထိန်းချူပ်ထားသည့် ဒေသရှိ ကျေးရွာများတွင် တပ်သားစုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဘားအံဒေသခံတစ်ဦးက ဆိုသည်။

“ဒီလအတွင်းမှာ BGF ကနေပြီးတော့ တပ်အင်အားစုဆောင်းမှုတွေ ပိုလုပ်လာတာ တွေ့ရတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ လူငယ်တွေကိုတောင် ခေါ်လာပြီးတော့ စစ်ထဲဝင်ခိုင်းတယ်။ ကရင်ရွာတွေမှာရော၊ ပအိုဝ်းရွာတွေမှာရော ခေါ်တယ်။ ရွာထဲက အရက်သမားတွေကအစ လူပျိုကြီးတွေကအဆုံး သူတို့ခေါ်တယ်။ ဝင်လာတဲ့တွေကိုလည်း ထောက်ပံ့ကြေးအများကြီးပေးတယ်။ ဒီလိုမျိုး တပ်အင်အား အလျင်အလို စုဆောင်လာတဲ့အပေါ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမလားဆိုတာကိုလည်း ကရင့်လူထုတွေက ထူးဆန်းဖြစ်နေကြတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲမြို့နယ်၊ မြဝတီ၊ ကမမောင်းနှင့် ဘားအံမြို့နယ်တို့သည် ကရင်နယ်ခြားစောင့်တပ် BGF ၏ ထိန်းချူပ်ရာ နယ်မြေဒေသများ ဖြစ်သည်။

လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရှိ BGF တပ်ဖွဲ့ဝင်တို့က ကျေးရွာများဘက်တွင် မြေပြင်ဆင်းပြီး ကျေးရွာရှိ လူငယ်လူရွယ်များကို တပ်အင်အားစုဆောင်းရန် စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း BGF တပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကရင်လူငယ်တစ်ယောက်က တကယ်လို့ တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရထားပြီး သူတို့ထဲဝင်ရင်တော့ စစ်ဗိုလ်ပေးလုပ်မယ်။ လစာက သိန်း ၂၀ လောက် ပေးတယ်။ ဒါအပြင် 4 Wheel ကားတစ်စီးလည်း ပေးတယ်။ သာမန်လူတွေက ဝင်လာမယ်ဆိုရင် တစ်လကို ၄ သိန်းနဲ့ ၅ သိန်းကြား ပေးမယ်လို့ ပြောတယ်။ အဲဒီလို လာစည်းရုံးတဲ့တပ်ဖွဲ့ဝင်တွေကလည်း လူခေါ်လို့ရခဲ့ရင် အပိုစုရကြတယ်” ဟု အထက်ပါ BGF နီးစပ်သူက ပြောသည်။

ထိုကြောင့် ယခင်က ကရင်နယ်ခြားစောင့်တပ် BGF တွင် တပ်ရင်း ၁၃ ရင်းရှိပြီး တပ်အင်အားထောင်ဂဏန်းသာ ရှိခဲ့ရာ ယခုတွင် BGF တပ်အင်အားသည် သောင်းဂဏန်းအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က မြိုင်ကြီးငူဒေသတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ၌ BGF ခေါင်းဆောင် ဗိုလ်မှုးကြီး စောချစ်သူက မိန့်ခွန်းပြောကြားစဉ် ထည့်သွင်ပြောဆိုခဲ့သည်။

လက်ရှိတွင် ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချူပ်ရာ နယ်မြေဒေသတို့တွင် တပ်သားသစ်များ စည်းရုံးခေါ်ဆောင်ကာ အခြေခံစစ်သင်တန်း၊ ဒရုန်း၊ စနိုက်ပါနှင့် လက်နက်ကြီးသင်တန်းများ အပတ်စဉ်မပြတ် ဖွင့်လှစ်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts