spot_img
Tuesday, July 29, 2025
More
    spot_img
    Homeသတင်းလက်လွှတ်နယ်မြေများ ပြန်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်နေ

    လက်လွှတ်နယ်မြေများ ပြန်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်နေ

    -

    စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့်နယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေပြီး နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်သည့်အခြေအနေလည်း ရှိနေသည်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့တို့ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်ပြီးနောက် ဇူလိုင်လ ၁၆ ရက်နေ့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

    အလားတူ ကရင်နီတော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိထားသည့် မိုးဗြဲမြို့ကိုလည်း စစ်ကောင်စီက ဇူလိုင်လ ၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်းကို စစ်ကောင်စီက ထုတ်ပြန်ထားသည်လည်း ရှိသည်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် တိုင်းစစ်ဌာနချုပ်များ အခြေစိုက်ထားသည့် မြို့များအပါအဝင် မြို့ပေါင်း ၉၀ ကျော်အထိကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

    ၎င်းအနက်မှ မြို့ ၅ မြို့ဖြစ်သည့် မိုးဗြဲမြို့၊ နောင်ချိုမြို့၊ ဆီဆိုင်မြို့၊ ကောလင်းမြို့နှင့် လားရှိုးမြို့တို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့သည့်အနေအထားရှိသည်။

    “မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်သွားတယ်ဆိုတာ မှန်ပါတယ်။ စစ်ကောင်စီဘက်က ဒရုန်းတွေရော အင်အား အမြောက်အများနဲ့ကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြို့နဲ့အနီးမှာ တိုက်ပွဲတွေ ဆက်ပြီးရှိနေပါတယ်။ စစ်ဦးစီးချုပ် ကိုမာဝီပြောသလိုပဲ မိုးဗြဲမြို့ဆိုတာကျဉ်းကျဉ်းလေးပါ ဒီမြို့ကို ပြန်ရဖို့တောင် စစ်တပ်က ဘယ်နှစ်လ ကြိုးစားခဲ့ရလဲဆိုတာ ကြည့်ရင် သိနိုင်ပါတယ်။” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းပြန်ကြားရေးတာဝန်ခံ ဖီးလစ်က ဆိုသည်။

    မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီ ဆက်လက်အုပ်ချုပ်ထားဆဲ ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်သို့ သွားရာ လမ်းကြောင်းပေါ်တွင်ရှိပြီး အရေးပါသည့် မြို့ဖြစ်သည်။

    အခုနှစ် မတ်လကုန်ပိုင်းတွင် စစ်ကောင်စီက ပြန်သိမ်းပိုက်နိုင်ခဲ့သည့် ရှမ်းပြည်နယ်တောင်းပိုင်း၊ ဆီဆိုင်မြို့လည်း ရှမ်းတောင်မှ လွိုင်ကော်သို့ သွားနိုင်သည့် အနီးဆုံးလမ်းကြောင်းပေါ်တွင် ရှိသည့် မြို့ဖြစ်သည်။

    အဆိုပါ မြို့ကို သိမ်းပိုက်သည့် တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ပအိုဝ်းပြည်သူ့စစ် PNA၊ ဒရုန်းစစ်ဆင်ရေးနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ဆိုသည်။

    အလားတူ တိုက်ခိုက်မှုမျိုးကို စစ်ကောင်စီက နောင်ချိုတိုက်ပွဲတွင် သုံးခဲ့သည်။ နောင်ချိုသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားရာ မြို့များသို့ ဝင်ရောက်နိုင်ရန် လမ်းကြောင်းဖြစ်နေသည်။

    CDM ဗိုလ်ကြီး ဇင်ယျော်က “တော်လှန်ရေးတပ်တွေဘက်မှာက လူအင်အားရော တိုက်စွမ်းရည်ရော အပြည့်ဖြစ်နေပေမယ့် ခဲယမ်း၊ မယှဉ်နိုင်တာက ခဲယမ်းပေါ့နော်။ နောက်ပြီး လူအင်အားပေါ့။ တိုင်းရင်းသားခေါင်းဆောင်တွေပြောသလိုပေါ့ သူတို့က သူ့လူ၊ သူ့တပ်ဖွဲ့ဝင်တွေကို တန်ဖိုးထားတယ်။ စစ်တပ်မှာကျတော့ ဒီလိုမဟုတ်ဘူး သေလဲ နောက်ထပ်လူအများကြီးရနေတာပဲ။ အကုန်သေသွားလည်း နောက်အပတ်စဉ်ကျရင် ၅ ထောင် လာဦးမှာပဲဆိုတော့ လူအင်အား တအားသုံးတယ်။” ဟု သုံးသပ်ပြောဆိုသည်။

    စစ်ကောင်စီက လက်လွှတ်ထားရသည့်နယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင်ပြီး ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ရှိသလို တဘက်တွင်လည်း တရုတ်၏ အကူအညီဖြင့် MNDAA က သိမ်းပိုက်ရရှိထားသည့် လားရှိုးမြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

    အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ၏ ဌာနေ လားရှိုးမြို့သည် ပထဝီအနေအထားအရ စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အခြေအနေ မရှိပေ။

    အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည့် ကောလင်းမြို့ကိုလည်း စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်းမြို့နှင့် ကနီမြို့တို့ကိုလည်း တော်လှန်ရေးတပ်များသိမ်းပိုက်ခဲ့ဖူးပြီး သိမ်းပိုက်သည့် နေ့တွင်ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြန်လည်လက်လွှတ်ခဲ့ရသည်။

    “ကျနော်တို့ဗျာ ရဲဘော်တွေလည်း ရင်းလိုက်ရတယ်။ ကျနော်တို့ ငွေအားရော ငွေအားဆိုတာက တကယ်တော့ လက်နက်ခဲယမ်းပေါ့။ လူအားတွေလည်း ရင်းလိုက်ပြီးမှ ရပြီးမှ ပြန်ဆုတ်ပေးလိုက်ရတာက ကျနော်တို့လည်း စိတ်မကောင်းတော့ဖြစ်တာပေါ့ဗျာ။ ဒါပေမယ့် စစ်ကိုင်းရဲ့အခြေအနေအရ ကျနော်တို့အနေနဲ့ ဘာမ မတတ်နိုင်တဲ့ အခြေအနေတော့ ဖြစ်တာပေါ့ဗျာ။”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုလတ်က မှတ်ချက်ပြုသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ကရင်နီဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်နယ်မြေများကို စစ်ကောင်စီက လေကြောင်းဖြၚ်ဴ နေ့စဉ်တိုက်ခိုက်နေသည့်အပြင် မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေကြောင်း သိရသည်။

    စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် နယ်မြေများ ပြန်လည် ရရှိနိုင်ရေး ထိုးစစ်အရှိန်မြှင့်လာခြင်းသည် လာမည့် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲမတိုင်ခင် နယ်မြေများ ပြန်လည်စိုးမိုးနိုင်ရေးအတွက် ဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုလည်း ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts