spot_img
Tuesday, July 29, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဘယ်လို ဆန့်ကျင်ကြမှာလဲ

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဘယ်လို ဆန့်ကျင်ကြမှာလဲ

    -

    နိုင်ငံတော် အာဏာကို ရယူထားသော စစ်ကောင်စီတပ်သည် မဖြစ်မနေ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန် ရှိနေသည်။

    ထို့အတူ ရွေးကောက်ပွဲကျင်းပမည့် စနစ်များ၊ ကျင်းပမည့် အချိန်များပါ ကြိုတင်ပြင်ဆင်လျက်ရှိနေပြီး တဖက်မှာလည်း ဒီမိုကရေစီအင်အားစုများက ဆန့်ကျင်လျက်ရှိနေသည်။

    စစ်ကောင်စီသည် နိုင်ငံတကာတွင် တရားဝင်ရေးကြိုးပမ်းနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ဆွေးနွေးမှုများလည်း ရှိနေသည်။

    စစ်ခေါင်းဆောင်အနေဖြင့် စစ်ယူနီဖောင်းချွတ်၍ သမ္မတလုပ်ဦးမှာဖြစ်ကြောင်း၊ မိမိတို့ တော်လှန်ရေး အင်အားစုများကလည်း အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဇူလိုင် ၂၄ ရက်မှာ ပြောကြားခဲ့သည်။

    “တော်လှန်ရေးကတော့ ဒီအတိုင်းပဲ ဆက်သွားမှာပဲ၊ ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်မရောက်မချင်း ဒီအတိုင်းပဲ ဆက်သွားမှာပဲ ဖြစ်တယ်။ ကျနော်တို့မှာ အလုပ်နှစ်ခုရှိတယ်။ တစ်ခုကတော့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူ့ဆန္ဒကို အခြေခံပြီး ကျနော်တို့ နည်းလမ်းပေါင်းဆုံနဲ့ ဆန့်ကျင်တိုက်ဖျက်ကြမယ်။ အကယ်လို့ လုပ်သွားပြီရှိသော် ကျနော်တို့ တော်လှန်ရေးဖက်က ဘာမှ ပြောင်းလဲစရာ မရှိဘူး။ ဘာမှလည်း ထွေထွေထူးထူး ထူးရှားတဲ့ ပြောင်းလဲမှုလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တော်လှန်ရေးကတော့ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင် ရောက်တဲ့အထိ ဒီအတိုင်းပဲ ကျနော်တို့ ဆက်သွားမယ်ဆိုတာလေး အဓိက ပြောချင်ပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ဖြင့် ကျင့်သုံးမှုသည်လည်း လူထုကို လိမ်ညာနေဦးမှာ ဖြစ်သလို နိုင်ငံတကာကိုလည်း လှည့်စားမှာဖြစ်ကြောင်း တောင်လှန်ရေး အင်အားစုများက ပြောသည်။

    ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်မှ “သူတို့ (စစ်ကောင်စီ) ရွေးကောက်ပွဲ မဖြစ်အောင် ကျနော်တို့က စစ်ရေးပေါ့။ စစ်ရေးကို ဖော်ဆောင်တာပေါ့နော်” ဟု ပြောသည်။

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပရန်ရှိကြောင်း ပြောကြားထားသည်။

    လက်ရှိ မြန်မာနိုင်ငံသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများမှာ ပျက်ယွင်းနေပြီး စစ်ကောင်စီက ကြီးစိုးသည့် အခြေအနေမျိုးကို လက်ခံ၍ ရွေးကောက်ပွဲကို ဖျက်လိုခြင်းလားဟု မေးခွန်းထုတ်လိုကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “ရွေးကောက်ပွဲကို ဖျက်မယ်ဆိုတဲ့ အင်အားစုတွေဟာ အခုလက်ရှိ အခြေအနေအတိုင်းပဲ ထားတာကို ကြိုက်သလားလို့ မေးရမယ့် မေးခွန်းဖြစ်လာတယ်။ လက်ရှိ အခြေအနေကို ကြိုက်တဲ့အတွက် ရွေးကောက်ပွဲ မဖြစ်စေချင်တာလား သို့တည်းမဟုတ် လက်ရှိ အခြေအနေကို ပြောင်းလဲရွေ့လျားသွားအောင်လုပ်ဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်းပေါ်လာသလားပေါ့၊ ကျနော်ထင်တယ် သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ဆိုတဲ့အဖွဲ့တွေတောင်မှာ ဆွေးနွေးရေး လမ်းကြောင်းကို မျက်စပစ်လာတဲ့အခါကြတော့ မပျက်ပျက်အောင် ဖျက်မယ့်လူတွေကလည်း လာမယ့် ၆ လပေါ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ တစုံတရာပေါ့လေ၊ လေသံတွေ ပြောင်းလာမယ်လို့တော့ ယူဆရပါတယ်။ ဒါကြောင့် မပျက်ပျက်အောင် ဖျက်ရေးက တဖြည်းဖြည်း အားနည်းလာပြီးတော့ ပြည်သူတွေက ရွေးကောက်ပွဲမှာ ပါချင်ပါမယ် မပါချင် မပါဘူးပေါ့ဗျာ၊ သူ့ဟာသူ ဆုံးဖြတ်ပါစေပေါ့၊ ကိုယ်က ဖျက်လို့ ပျက်တယ်ဆိုတာတော့ အသားလွတ်ကြီး တရားခံ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

    ပြည်သူလူထုအနေဖြင့်လည်း လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွန်လိုနေပြီး အရွေ့တစ်ခုကို လက်ခံမည့်အနေအထားရှိကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို စောင့်ကြည့်ရမှာ ဖြစ်ပြီး အတိုင်းအတာ တစ်ခုအထိ အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယူဆကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဆက်ပြောသည်။

    တော်လှန်ရေး အင်အားစုများက အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများကို လိုက်ပါအကောင်အထည်ဖော်ခြင်း မပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts