spot_img
Saturday, February 7, 2026
More
    spot_img
    Homeသတင်းပုလောမြို့နယ်တွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ

    ပုလောမြို့နယ်တွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိလာသည်ဟု သိရသည်။

    ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ပြီး ယနေ့ချိန်အထိ ပလမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းအပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးလာခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၁၀ နာရီကျော်အချိန်ခန့်က ပုလောမြို့နယ်၊ ပလမြို့အနီးရှိ ဇရပ်ဆိပ်ကျေးရွာက နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်တို့က ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

    အဆိုပါ ထိခိုက်ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်အတွင်း ပလမြို့ရှိ ပါဒစက်တော်ရာတော်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်လာမှုကြောင့် နေအိမ်ပေါ်သို့ ထပ်မံကျရောက်ပေါက်ကွဲကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အရပ်သားပြည်သူ (၉) ဦး ထပ်မံသေဆုံးခဲ့ရပြီး (၃) ဦးတို့ကလည်း ထိခိုက်ဒဏ်ရာများ ထပ်မံရရှိခဲ့ကြသည်ဟု ဆိုသည်။

    “သူတို့က ဗုံးတွေနဲ့ တိုက်ခိုက်နေတဲ့ နေအိမ်တွေက ဘယ်တော်လှန်ရေး PDF အဖွဲ့မှ မရှိဘူး။ ပြည်သူတွေက သူတို့ဟာသူတို့ အေးဆေးနေနေကြတယ်။ စကစရဲ့ လုပ်ရပ်တွေက ယုတ်မာတယ်။ အဲလိုတိုက်ခိုက်ခံရတဲ့အတွက် အပြစ်မဲ့ပြည်သူတွေက သေဆုံးခဲ့တဲ့လူတွေလည်း သေဆုံးခဲ့ရတာ ရှိတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ရှိနေတယ်” ဟု မြိတ်ခရိုင်တပ်ရင်း-၁ မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

    ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်များမှ ထွက်ခွာပြီး လုံခြုံသည့် နေရာများသို့ တိမ်းရှောင်ကြပေးပါရန်၊ ကျေးရွာအတွင်း ပိတ်မိနေပါက ကျည်ကွယ်၊ မျက်ကွယ်နေရာများတွင် လုံခြုံစွာ နေထိုင်ကြပါရန် မြိတ်ခရိုင်တပ်ရင်း-၁ က တိုက်တွန်းထားသည်။

    ဒေသတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသည့်အတွက် မြိတ်-ပုလောလမ်းပိုင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “တိုက်ပွဲကတော့ မြိတ်-ပုလော တစ်လမ်းလုံးမှာ ဖြစ်ပွားနေတာ မဟုတ်ဘူး။ ပုလောဘက်ပဲ ဖြစ်နေတာ။ ၂၅ ရက်နေ့ကစပြီး တော်လှန်ရေးဘက်က လမ်းစပိတ်ထားတယ်။ အခုထိတော့ မဖွင့်သေးဘူး။ ဒေသခံတွေက မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် Speed Boat နဲ့ သွားလာနေကြတယ်” ဟု မြိတ်-ပုလောလမ်းပိုင်းရှိ ဆင်ကူးရွာခံတစ်ဦးက အခြေအနေကို ပြောပြသည်။

    စစ်အုပ်ချူပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်သည် တော်လှန်ရေးအားကောင်းသည့် နယ်မြေဒေသတစ်ခုဖြစ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီလက်အောက်ခံဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချူပ်ရေးမှူး၊ ပြည်သူ့စစ်တို့ကလည်း မကြာခဏ သုတ်သင်းရှင်းလင်းခံနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks