spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားအထက်တန်းကျောင်းများမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ အနည်းငယ်သာရှိ

    မွန်အမျိုးသားအထက်တန်းကျောင်းများမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ အနည်းငယ်သာရှိ

    -

    ယခုနှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းများမှ ဖြေဆိုအောင်မြင်သူအနည်းငယ်သာရှိကြောင်း သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

    မွန်အမျိုးသားပညာရေးဌာနမှ အထက်တန်းကျောင်းများဖြစ်သည့် ညီစား၊ ဝင်္ကပါ၊ အံဒင်းနှင့် အထက်တန်းအဆင့်အထိ တိုးမြှင့်သင်ကြားနေသည့် ပငရွာရှိ မွန်အမျိုးသားအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအပါအဝင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ  ၁၂၇ ဦးရှိခဲ့သည်။

    ဝင်ရောက်ဖြေဆိုသူများအနက် ညီစားအထက်တန်းကျောင်းမှ ၄ဦး၊ ဝင်္ကပါကျောင်းမှ ၂ ဦးသာ အောင်မြင်ခဲ့ပြီး အံဒင်းနှင့် ပငကျောင်းမှ အောင်မြင်သူမရှိသဖြင့် စုစုပေါင်း ဖြေဆိုအောင်မြင်သူ ၆ ဦးသာရှိသည်ဟု မွန်အမျိုးသားအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဒီနှစ်မှာတော့ ကျောင်းသားအရေအတွက်က များလာပေမယ့် အောင်ချက်ကတော့ နည်းသွားတယ်။ မနှစ်ကတော့ အထက်ကျောင်းအားလုံးမှာ ၁၀ ယောက်အောင်တယ်။ ဒီနှစ်တော့ အင်ဒင်မှာပဲ ဖြေတဲ့သူ ၂၂ ဦးမှာ အောင်တဲ့သူမရှိဘူး။ ” ဟု ဆိုသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း မွန်အမျိုးသားအထက်တန်းကျောင်းများမှ ဝင်ရောက်ဖြေဆိုသူ ၉၁ ဦးရှိရာ ၁၀ ဦးသာအောင်မြင်ခဲ့သည်ဟု သိရှိရပြီး၂ နှစ်ဆက်တိုက် အောင်ချက်ရာခိုင်နှုန်း ကျဆင်းနေခဲ့သည်။

    ယခုနှစ်တွင် သက်တမ်းတစ်လျှောက် ဖြေဆိုအောင်မြင်မှုအခြေအနေ အဆိုးရွားဆုံးဖစ်ခဲ့သည်ဟု သင်ကြားရေးတာဝန်ရှိသူများက ဆိုသော်လည်း မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို တစ်စုံတစ်ရာပြောဆိုထားခြင်းမရှိပေ။

    ၄င်းအပြင် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သူများ Pre- College တစ်နှစ်တက်ရောက်ပြီးပါက မွန်အမျိုးသားကောလိပ် တက်ရောက်နိုင်သည့်အခွင့်အရေးများရှိနေသည့်အတွက်  တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုသူ နည်းပါးနေကြောင်းလည်း သိရသည်။

    “တချို့ကတော့ ၁၂ တန်းကို ကျခဲ့တော့ ပြန်ဖြေချင်သူတွေလဲ ရှိမယ်။ တချို့ ပြန်မဖြေနိုင်သူတွေကျတော့ Pre-College တက်လို့ရတယ်။ ပြီးရင် မွန်အမျိုးသားကောလိပ်မှာ အဆင့်မြင့်ပညာကို သင်ယူနိုင်တယ်။ အဲတာသူတို့အတွက် အဆင်ပြေစေတယ်”ဟု မွန်အမျိုးသားကောလိပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    စစ်အာဏာသိမ်းကာလနောက်ပိုင်း မွန်အမျိုးသားအထက်တန်းကျောင်းများ၌ အစိုးရကျောင်းမှပြောင်းလာသည့် ကျောင်းသားဦးရေ ရာနှင့်ချီများပြားလာသော်လည်း ကျောင်းဆောင်အသစ်များတိုးချဲ့ဆောက်လုပ်ရန်နှင့် လစ်လပ်နေသည့် ကျောင်းဆရာ၊ဆရာမနေရာများကို အစားထိုးဖြည့်ဆည်းရန် အားနည်းနေဆဲဖြစ်သည်။

    မွန်ပြည်နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးဖြစ်သည်ဟု ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    ပညာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်သည့် တိုင်းနှင့် ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်စာရင် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၉၇၂ ဦးရှိပြီး ၅၁၂၈ ဦး အောင်မြင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks