စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် မပါဝင်ကြပါရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း ပါဝင်ဆောင်ရွက်နေသူများကို စစ်ရေးအရ အရေးယူသွားမည်ဟု တော်လှန်ရေးအင်အားစုတို့၏ သတိပေးထုတ်ပြန်ချက်များကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြရဟု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတို့က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က စစ်ကောင်စီ ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး နိုင်ငံရေးထွက်ပေါက်ရရှိနိုင်ရေးနှင့် နိုင်ငံတကာကို လှည့်စားရန် ဖန်တီးမှုသာဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ခြင်းများ မပြုလုပ်ကြရန် ယခုရက်ပိုင်းအတွင်း သတိပေးစာများ ဆက်တိုက်ထုတ်ပြန်လာကြသည်။

“ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေရဲ့ သတိပေးထုတ်ပြန်ချက်ကြောင့် ပါတီတိုင်းက စိုးရိမ်ကြသလို ကျနော်တို့လည်း စိုးရိမ်စိတ် ရှိနေပါတယ်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက်က အဓိကက နယ်မြေတည်ငြိမ်းအေးချမ်းဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဖိုရမ် တုန်းကလည်း မဲလုံခြုံရေး၊ မဲဆန္ဒရှင်နဲ့ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်ပေးဖို့ ကျနော်တို့က တင်ပြခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော၊ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်အောင် ကျင်းပနိုင်ဖို့က UEC နဲ့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ပေးမှုပေါ်မှာပဲ မူတည်နေပါတယ်” ဟု ကျားဖြူပါတီမှ ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းထွန်းလင်းက ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းဝင်ရောက်ယှဉ်ပြိုင်မည့် ကျားဖြူပါတီအပါအဝင် နိုင်ငံရေးပါတီတို့က ပါတီရုံးများ အပြိုင်အဆိုင် ဖွင့်လှစ်နေကြသော်လည်း လုံခြုံရေးစိုးရိမ်မှုကြောင့် လူထုစည်းရုံးလှုံ့ဆော်မှုများ၊ ပါတီဝင်အင်အားစုစည်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သည့်အနေအထား မရှိသေးကြောင်း ဆိုသည်။
ကရင်ပြည်နယ်တစ်ဝန်းတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကရင့်အမျိုးသား ဒီမိုကရက်တစ် ပါတီကလည်း တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေကြောင့် နှစ်မြို့နယ်ခန့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေသော်လည်း လူထုစည်းရုံး၊ မဲဆွယ်စည်းရုံးမှုများ မလုပ်ဆောင်ရဲသေးကြောင်း ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးက ပြောသည်။
“မွန်နိုင်ငံရေးအခြေအနေကတော့ ကျနော်တို့ထက်တော့ အခြေအနေကောင်းတဲ့သဘောမျိုး ရှိတယ်။ ကျနော်တို့ကတော့ မြို့နယ်နှစ်မြို့နယ်လောက်တောင် တစ်ချို့နေရာတွေက အခြေအနေမပေးဘူး။ လုပ်ရင်လည်း မြို့ပေါ်လောက်ပဲ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ထိထိရောက်ရောက်တော့ မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ နည်းနည်းလေးတော့ အစပျိုနေပြီပေါ့လေ။ လှိုင်းဘွဲ့နဲ့ ဘားအံက လုပ်နိုင်တယ်ဆိုပေမဲ့ ဘားအံအနောက်ဘက်ကမ်းကျတော့ တစ်ချို့နေရာကျတော့ သိပ်မသေချာတော့ဘူး” ဟု မန်းအောင်ပြည့်စိုးက ပြောသည်။
သို့သော် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည့် နယ်မြေဒေသများသည် အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေဒေသမှလွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့တွင် ဦးစားပေးအစီအစဉ်ဖြင့် အပိုင်းလိုက်ခွဲပြီး ကျင်းပသွားမည်ဟု ပြောဆိုထားသည်။
ထိုကြောင့် ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပေးစက်များကို ထုတ်လုပ်နေပြီး စက်များကို တိုင်းနှင့်ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းများ စတင်ပြုလုပ်နေသည်။
၂၀၂၅ ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး နိုင်ငံအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉ ပါတီနှင့် တိုင်း/ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ပါတီ ၅၀ ကျော်ရှိကြောင်း ဇွန်လ ၇ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

