ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျူံဒိုးမြို့အနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဆက်တိုက်ကင်းလှည့်ပျံသန်းနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။
လက်ရှိတွင် ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းအနီးရှိ နွားခြံကုန်းကျေးရွာ၊ အုန်းတစ်ပင်ကျေးရွာ၊ အင်းကြီးကျေး ရွာနှင့် ကော့ကရိတ်မြို့မြောက်ပိုင်းက ဒေါနတောင်ပေါ်လမ်းဟောင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းနေရာများတွင်လည်း တိုက်ပွဲပြင်းထန်နေသည်။
ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းကိုပြန်လည်ထိန်းချူပ်နိုင်ရေးအတွက် ကျူံဒိုးမြို့အခြေစိုက် ခမရ-၅၄၅၊ ခမရ-၅၄၆ တပ်ရင်းများမှ တပ်အင်အားများနှင့် ဗိုလ်ဘိဦးဆောင်သည့် DKBA တပ်အင်အားများ ပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ တိုက်ခိုက်နေသည်ဟု ကော့ကရိတ်စစ်မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော်တစ်ဦးက ပြောသည်။

“အခုအခြေအနေက နေရာတော်တော်များများမှာ ထိတွေ့မှု ဖြစ်နေတယ်။ သူတို့(စစ်ကောင်စီ) ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ တိုးလာတယ်။ ဒါပေမဲ့ အခုထိတော့ ရှေ့မတိုးနိုင်သေးတဲ့အနေအထားပါပဲ။ အင်အားကတော့ များပါတယ်၊ နှစ်ရာဝန်းကျင်လောက် ရှိတယ်။ စကစနဲ့ ဗိုလ်ဘိအဖွဲ့တွေ ပေါင်းပြီး စစ်ကြောင်းထိုးလာတာတွေ ရှိတယ်။ ဗိုလ်ဘိဘက်ကလည်း အင်အားတော်တော်များများ ပါတယ်။ ခမရ-၅၄၅၊ ၅၄၆ ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်” ဟု ရဲဘော်သီဟက ပြောသည်။
စစ်ကောင်စီက ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းကိုပြန်လည်ထိန်းချူပ်နိုင်ရေးအတွက် ကျူံဒိုးမြို့မှ ကော့ကရိတ်အထိကို ဒေသတွင်းအခြေစိုက် ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေပြီး ဒေါနလမ်းဟောင်းဘက်ကို စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်လာရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုသို့ တိုက်ပွဲပြင်းထန်လာသည်နှင့်အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ၊ အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ တက်လာသည်ဟု ယူဆရသည့် တိုက်လေယာဉ်များသည် ကော့ကရိတ်နှင့် ကျူံဒိုးဒေသဘက်ကို ဗုံးကြဲတိုက်ခိုက်ရန် ဂျိုင်းမြစ်ဒေသကို တစ်ရက်လျှင် အနည်းဆုံး ၃ ကြိမ်ခန့် ပျံသန်းနေပြီး ပြည်သူများကလည်း စိုးရိမ်းကြောက်လန့်နေကြသည်ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။
“ကော့ကရိတ်နဲ့ ကျူံဒိုးဘက်မှာ တိုက်ပွဲပြင်းထန်နေလို့ စစ်လေယာဉ်တွေက ကျနော်တို့ရွာဘက်ကို အခုတလော တော်တော်ဖြတ်သန်းပျံသန်းနေတယ်။ တစ်နေ့ကို ၃ ကြိမ်က အနည်းဆုံးပဲ။ လေယာဉ်တွေက ဂျိုင်းမြစ်နားတစ်ဝိုက်မှာ နိမ့်နိမ့်လေးပဲ ပျံသန်းနေတာ။ ဒီဘက်ကို ကင်းလှည့်ပြီးရင်တော့ ကျူံဒိုးဘက်ကို ဗုံးသွားကြဲတယ်။ လေယာဉ်တွေက သံကလောင်ရွာဘက်၊ ကော့ဒို၊ ကော့ယက္ခ၊ ကဒါ အဲကျေးရွာတွေဘက်ကို ဖြတ်သွားနေတယ်” ဟု အထက်ပါ ဂျိုင်းမြစ်ဒေသခံက ပြောသည်။
ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းတိုက်ပွဲကြောင့် ကော့ကရိတ်မြို့ခံနှင့် ကျူံဒိုးမြို့ခံအချို့တို့က မြို့အတွင်း ပိတ်မိနေသည်မှာ သုံးလကျော်ကြာမြင့်လာပြီး ဖြစ်သည့်အတွက် အခြေခံစားသောက်ကုန်များ၊ ဆန်နှင့် စက်သုံးဆီတို့က ဈေးအဆမတန်မြင့်တက်နေပြီး ရှာဝယ်မရတော့သည့် အခြေအနေလည်း ဖြစ်လာနေသည်ဟု ကျူံဒိုးဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲပြင်းထန်လေ၊ ဒေသခံတွေက ပိုကြပ်တည်းလာလေပဲ။ ကုန်ဈေးနှုန်းတွေက ပိုတက်လာတယ်။ မြို့တွေမှာလည်း လက်နက်ကြီးတွေက ကျရောက်ပေါက်ကွဲလာတယ်။ ကျူံဒိုးကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ရှိတယ်။ အခုအခြေအနေက မြို့မှာ ကျန်နေတဲ့ လက်ကျန်ကုန်စည်တွေနဲ့ပဲ ဝယ်ယူစားသုံး နေကြတယ်လေ။ အဲကြောင့် ဈေးတက်နေတာ။ လောင်စာဆီလိုမျိုးဆို ရှာဝယ်မရတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်နှင့်ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း၊ ကာကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်သည့် ဧပြီလလယ်ပိုင်းခန့်ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ယနေ့ချိန်အထိပင် ဖြစ်သည်။
အဆိုပါတိုက်ပွဲကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA၊ ရာမညမွန်တပ်တော် RMA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။