spot_img
Wednesday, July 23, 2025
More
    spot_img
    Homeမေးမြန်းချက်“မတရားသဖြင့် စပြီးတော့ ဖမ်းဆီးတဲ့ ဒီစစ်တပ်က တာဝန်ရှိသူတွေ ရှိမယ်။ နောက် ဒီလုံးဝမျှတတဲ့ တရားစီရင်မှု မရဘဲနဲ့ အမိန့်ချလိုက်တဲ့ တရားသူကြီးတွေပါ...

    “မတရားသဖြင့် စပြီးတော့ ဖမ်းဆီးတဲ့ ဒီစစ်တပ်က တာဝန်ရှိသူတွေ ရှိမယ်။ နောက် ဒီလုံးဝမျှတတဲ့ တရားစီရင်မှု မရဘဲနဲ့ အမိန့်ချလိုက်တဲ့ တရားသူကြီးတွေပါ တာဝန်ရှိတယ်။ ပြီးလို့ရှိရင် အကျဉ်းထောင် အဆင့်ဆင့်ပေါ့ တာဝန်အဆင့်ဆင့် ထောင်ပိုင်ကနေပြီးတော့ တာဝန်အဆင့်ဆင့်မှာ တာဝန်ကို လုံးဝရှိပါတယ်။”

    -

    မတရားဖမ်းဆီးခံရပြီး အကျဉ်းထောၚ်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်သား သေဆုံးမှုသည် ယခု ဇူလိုင်အတွင်း ဆက်တိုက် ရှိခဲ့သည်။ ဇူလိုင်လတစ်လအတွင်းမှာပင် နိုင်ငံရေးအကျဉ်းသား သေဆုံးမှု ၄ ဦးအထိ ရှိခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကပင် အင်းစိန်ထောင်တွၚ် အကျဉ်းကျနေသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်လည်း သေဆုံးသွားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ သေဆုံးသည့်အခါ စစ်ကောင်စီက ရှိရင်းစွဲရောဂါအခံများကြောင့် သေဆုံးသည်ဆိုပြီး ပြောဆိုလေ့ရှိသလို သေဆုံးနိုင်ငံရေးအကျဉ်းသားများ၏ အလောင်းကို မိသားစုဝင်တွေကို ပြန်ပေးတာလည်း မရှိခဲ့ပေ။

    နိုင်ငံရေးအကျဉ်းသားများ ဆက်တိုက် သေဆုံးနေမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှာက်ရေးအသင်း AAPP မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို လွတ်လပ်သော သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ အကျဉ်ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတာ ဆက်တိုက် တွေ့နေရတယ်။ ဘာကြောင့် အခုလိုဖြစ်နေရတာလဲ။

    ဖြေ ။ ။ အဓိကကတော့ ဒီ စပြီးတော့ ဖမ်းဆီးခံရ ပြီးပြီးခြင်းမှာ စစ်ကြောရေးမှာ သူတို့က ညှင်းပန်းနှိပ်စက်ခြင်းကို ခံရတယ်။ ပြီးတဲ့အခါကျတော့ လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘူး။ အဲ့ဒီအပြင် အကျဉ်းထောင်ထဲကို ရောက်တဲ့အခါကျတော့လည်း တကယ့် ဒီလုံလောက်တဲ့ ဆေးဝါးကုသမှု အချိန်မီ ဆေးဝါးကုသမှု ဒါတွေကို မရဘူး။ ပြီးတဲ့အခါကျတော့ တကယ့် လူတစ်ယောက်ရဲ့ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ ဒီ အစာအာဟာရတွေကလည်း ပုံမှန်ရနေတာမျိုးတွေ မရှိဘူး။ ဆိုတော့ ဒီလို အခြေအနေတွေကနေပြီးတော့ ဒီ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ကျဆုံးရတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ ကျဆုံးရတဲ့ကိစ္စက ပိုပြီးတော့ တဖြည်းဖြည်း များလာတာမျိုးကို ကျွန်တော်တို့ တွေ့ရပါတယ်။

    မေး ။ ။ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ ဘယ်လိုရှိနေလဲ။ ဆေးကုသခွင့်အခြေအနေကရော ဘယ်လောက် ဆိုးရွာနေလဲ။

    ဖြေ ။ ။ အဲ့တော့ အကျဉ်းထောင်တွေကတော့ ဒီလူ့အခွင့်ရေးတွေ အချိုးဖောက်ခံရဆုံး နေရာတွေလို့ ပြောလို့ ရပါတယ်။ ဆိုတော့ နောက်တစ်ခုက အကျဉ်းထောင်ဆိုတာက အခုအချိန်မှာတော့ တကယ့် တိတ်တဆိတ် လူသတ်နေတဲ့နေရာလို့ကို ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ သူတို့က ဒီနိုင်ငံရေးအကျဉ်းသားတွေကို အညှိုးနဲ့ ဟို ပိုပြီးတော့ နှိပ်စက်နေပုံရတယ်။ နောက်တစ်ခုက လုံခြုံရေးအရ ဆိုပြီးတော့ ကျွန်တော် နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပဆေးရုံ ထုတ်မယ်ဆိုလို့ ရှိရင် ထောက်လှမ်းရေးနဲ့ စစ်တပ်က ကိုင်တွယ်တာမျိုးတွေရှိတယ်။ အကျဉ်းဦးစီးက တိုက်ရိုက်ကိုင်တွယ်တာထက်စာလို့ရှိရင် အဲ့လိုမျိုးဆိုတဲ့အခါကျတော့ လုံခြုံရေး အခြေအနေတွေအရဆိုပြီးတော့ ဒီ ပြင်ပဆေးရုံကို အတော်နောက်ကျပြီးမှ ထွက်ခွင့်ရတာမျိုးတွေကလည်း ရှိတယ်။ ဒါတွေကလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီးတော့ အခြေအနေ ဆိုးသွားတဲ့ အနေအထားမျိုးကို ဖြစ်တယ်ပေါ့။ ဆေးကုသခွင့်ကတော့ ထောင်အသီးသီးမှာတော့ တကယ်ဆေးဝါးမလုံလောက်တာ၊ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ နည်းပါးတာ။ တချို့ထောင်တွေမှာဆိုရင် ထောင်ဆရာဝန်တောင်မရှိတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ ဒီ ဆေးကုသမှုကတော့ အတော်လေးကို ချို့တဲ့တဲ့ ဟို အားနည်းတဲ့ အနေအထားမျိုး ရှိတယ်လို့ ပြောလို့ရပါတယ်။

    မေး ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ သေဆုံးခဲ့ရင် ဒါက ရောဂါအခံရှိလို့ဆိုပြီး ထောင်ဘက်က စာထုတ်လေ့ရှိပါတယ်။ ဒီအေပါ်မှာရော ဘယ်လိုမြင်လဲ။

    ဖြေ ။ ။ သေချာတာကတော့ဗျာ ဒီကျွန်တော်တို့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ ဒီဆေးမှတ်တမ်းတွေ ရှိပါတယ်။ အဲ့တော့ ပြီးတဲ့အခါကျတော့ ဒီသေဆုံးသွားပြီဆိုရင် သေဆုံးသွားတဲ့ သူကို ကျွန်တော်တို့က တကယ့်ကို သေမှု၊ သေခင်း ဆရာဝန်တွေနဲ့ စနစ်တကျ စစ်ဆေးခွဲခြမ်းစိတ်ဖြာပြီးတော့ စစ်ဆေးတဲ့ အခါမျိုးမှာတော့ တကယ်တိကျတဲ့ အဖြေမှန်ကို ရမှာပေါ့။ ဆိုတော့ အခုတော့ ကျွန်တော်တို့က ဒီအခြေအနေအရကို ကျွန်တော်တို့က သုံးသပ်ရတာ။ အခြေအနေအရ ဒီလူတွေဟာ စစ်ကြောရေးမှာ ဟိုတကယ့်ပြင်းပြင်းထန်ထန် စစ်ကြောခံရတယ်။ ပြီးတဲ့အခါကျတော့ တကယ်လုံလောက်တဲ့ ဆေးဝါးကုသမှုကို မရဘူး။ အဲ့လိုမျိုး အခြေအနေတွေက ပေါင်းစပ်သွားတဲ့အခါမှာ ကျွန်တော်တို့ကတော့ ဒီအခြေအနေကြောင့် ဒီလို မသေသင့်ဘဲနဲ့ သေရတယ်ဆိုတဲ့ ကောက်ချက်မျိုးကို ကျွန်တော်တို့က ချရတာဖြစ်ပါတယ်။ တကယ် သတ္တိရှိတယ် စစ်အုပ်စုဘက်က သတ္တိရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ တကယ့် ဒီသေမှု၊ သေခင်းဆိုင်ရာ ဆရာဝန်တွေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ကျွန်တော်တို့ လုပ်ဖို့လိုပါတယ်။

    မေး ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်သေဆုံးနေတဲ့ဖြစ်ရပ်တွေ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။

    ဖြေ ။ ။ ဆိုတော့ မတရားသဖြင့် စပြီးတော့ ဖမ်းဆီးတဲ့ ဒီစစ်တပ်က တာဝန်ရှိသူတွေ ရှိမယ်။ နောက် ဒီလုံးဝမျှတတဲ့ တရားစီရင်မှု မရဘဲနဲ့ အမိန့်ချလိုက်တဲ့ တရားသူကြီးတွေပါ တာဝန်ရှိတယ်။ ပြီးလို့ရှိရင် အကျဉ်းထောင် အဆင့်ဆင့်ပေါ့ တာဝန်အဆင့်ဆင့် ထောင်ပိုင်ကနေပြီးတော့ တာဝန်အဆင့်ဆင့်မှာ တာဝန်ကို လုံးဝရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ကို ဖမ်းထားပြီးလို့ရှိရင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးရမယ်။ လုံလောက်တဲ့ အာဟာရတွေကို ကျွေးမွေးရမယ်။ တကယ်လို့ လုံလောက်တဲ့ ဒီအနေအထား အခင်းအကျင်းပေါ့နော် အခန်းတွေကအစ လေဝင်လေထွက် ကောင်းရမယ်။ ဒီလိုမျိုး ဥပဒေအရ သက်မှတ်ထားတာတွေ ရှိပါတယ်။ ဒီအချက်တွေကို ကျူးလွန်နေတာတွေ့တဲ့အတွက် ဒီဟာက အဆင့်လိုက် အဆင့်လိုက် ဒီတာဝန်ရှိကြပါတယ်။

    မေး ။ ။ အကျဉ်ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်သေဆုံးနေတဲ့အပေါ် AAPP အနေနဲ့ ဘာများ မှတ်ချက်ပြုချင်ပါသလဲ။

    ဖြေ ။ ။ အဲ့တော့ အဓိက နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ လိုတယ်။ ဒီလူတွေက နဂိုထဲက ဟိုအဖမ်းခံသင့်တဲ့ သူတွေမဟုတ်ဘူး။ အဲ့ဒီအပြင် အကျဉ်းထောင်ထဲမှာ ဆုံးရှုံးသွားတဲ့ သူတွေက တိုင်းပြည် အတွက် နစ်နာမှုတစ်ခုဖြစ်တယ်။ ဒီလူတွေပြန်ပြီး လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ ပြင်ပမှာရှိနေတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက ဝိုင်းဝန်းကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့လိုကြိုးစားဖို့ဆိုလို့ ရှိရင် ကျွန်တော်တို့ တကယ့်ကို စစ်အုပ်စု ကို ပြင်းထန်တဲ့ ဖိအားတွေ ကျွန်တော်တို့ ပေးဖို့လိုတယ်။ ပေးတဲ့အခါမှာ ကျွန်တော်တို့ ပြည်တွင်းပြည်ပ ဟန်ချက်ညီအောင် နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအား ဒီနှစ်ခုပေါင်းစုံအောင် ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့လို ကြိုးစားတဲ့အခါကျတော့မှ ဒီနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနိုင်ငံတော် သမ္မတကြီး အမြန်ဆုံးလွတ်မြောက်ရေးဆိုတာ ဖြစ်လာပြီးတော့ တိုင်းပြည်က ဟိုကောင်းတဲ့ဘက်ကို ပိုပြီးတော့ ရွေ့သွားနိုင်တဲ့ အနေအထားဖြစ်လာပါမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဟို အားလုံး ပြင်ပမှ ရှိနေတဲ့ လူအားလုံး ဆိုတော့ ပြင်ပမှာဆိုတာ အကျဉ်းထောင်ပြင်ပမှာ ရှိနေတဲ့သူတွေအားလုံးက တကယ့်တက်ညီလက်ညီနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,900SubscribersSubscribe
    spot_img

    Latest posts