မိထောကွန်း (သတင်းဆောင်းပါး)
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဖြစ်သည့် မြန်မာစစ်ကောင်စီတပ်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ရေးအတွက်ရည်ရွယ်သည့် မွန်တော်လှန်ရေးတပ်ဖွဲ့အများအပြား ပေါ်ထွက်လာခဲ့သည်။
ထိုသို့ မွန်လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဖွဲ့စည်းပေါ်ပေါက်လာခဲ့သော် လည်း မွန်လူမျိုးအတွက် အင်အားတောင့်တင်း ခိုင်မာသည့် မွန်တပ်တော်တစ်ခု ယနေ့ထိ ပေါ်ထွက်လာနိုင်ခြင်း မရှိသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် မွန်လက်နက်ကိုင်တော်လှန်ရေး အင်အားစုများမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် (မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA တို့ ပေါင်းစည်းထားသည့်) ရာမညမွန်တပ်တော်-RMA တို့ ဖြစ်သည်။
ထိုမွန်တော်လှန်ရေးတပ်တို့သည် မတူညီသည့် လမ်းကြောင်းခရီးကို လျှောက်လှမ်းနေကြသည့်အပြင် မိမိတို့တပ်ဖွဲ့၏ အကျိုးကျေးဇူး၊ အမြင်သဘောထားစသည့်လုပ်ငန်းစဉ်တို့ကိုသာ ဦးစားပေးလုပ်ဆောင် နေကြခြင်းကြောင့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွက်ရေး ညှိနှိုင်းဆွေးနွေးရာတွင် အခက်အခဲရှိနေဆဲဖြစ်သည်ဟု မွန်စစ်ရေးလေ့လာနေသည့် မွန်ပြည်သူတစ်ဦးက ထောက်ပြသည်။

“မွန်ပြည်ထဲက တော်လှန်ရေးတပ်ဖွဲ့ကို ကြည့်ရသလောက်တော့ လမ်းကြောင်းခရီးမတူတာတွေ ရှိနေတယ်။ ပြောရမယ်ဆို မွန်မှာက ပုံစံနှစ်မျိုးသွားနေတယ်။ ခြုံပြီးကြည့်ရင် ကိုယ့်လူမျိုးအင်အားနဲ့ ကိုယ့်လူမျိုးလွတ်မြောက်အရေးအတွက် လှုပ်ရှားနေတာကတစ်ဖွဲ့၊ NUG လက်အောက်မှာနေပြီး တိုက်ပွဲတွေဝင်နေတာက တစ်ဖွဲ့၊ ဒီလမ်းကြောင်းနှစ်ခုက တစ်ခုဖြစ်ဖို့ဆို ယနေ့အခြေအနေအရ ကြည့်ရမယ်ဆိုရင် ခက်နေသေးတယ်။ ဒါပေမဲ့ တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လို့မရသေးပေမယ့် လည်း လုပ်ငန်းတွေတူရင် တိုက်ပွဲဝင်ကြ၊ ကိုယ့်ပဋိပက္ခတွေကို ညှိနှိုင်းကြပေါ့၊ ကိုယ့်တပ်ရဲ့လမ်းကြောင်း တစ်ခုတည်းမဖြစ်အောင် ဒါတွေကိုညှိနှိုင်းလို့ရမယ်ဆိုရင် လုံလောက်တယ်။ ဒါတွေက တူတူသွားမယ် လို့ပြောပေမယ့်လည်း လက်တွေ့အရ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ မတူညီတာတွေ ရှိတော့ ပေါင်းစပ် ဖို့က မလွယ်သေးဘူး”ဟု ၎င်းက ဆိုသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့တို့အနေဖြင့်လည်း စစ်ရေးလိုအပ်ချက်အရနှင့် မွန်ပြည်သူလူထုတို့၏ လိုလားသည့်တောင်းဆိုမှုများကြောင့် တပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး မွန်တပ်တစ်ခုတည်းဖြစ်အောင် ရုန်းကန်ကြိုးပမ်းလာခဲ့သော်လည်း လမ်းကြောင်းမတူညီမှုကြောင့် အခက်အခဲရှိနေဆဲ ဖြစ်သည်။
မွန်တော်လှန်ရေးတပ်များအားလုံး ပေါင်းစည်းရေးမှတစ်ဆင့် ခိုင်မာသည့် မွန်တပ်တော်တစ်ခု ပေါ်ထွက်လာရေးနှင့်ပတ်သက်ပြီး NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားထံ IMNA က ဆက်သွက်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
လက်ရှိအခြေအနေအရ မွန်တပ်တော်တစ်ခု မဖြစ်မြောက်သေးသော်လည်း အာဏာသိမ်း စစ်ကောင်စီတို့၏ တပ်စခန်း၊ တပ်ရင်း၊ စစ်ဆေးရေးဂိတ်စသည့်တို့ကို တိုက်ခိုက်ရာတွင် မဟာမိတ်တပ်အသီးသီးတို့နှင့် အတူလက်တွဲကာတိုက်ပွဲများ ဆက်လက်ဖော်ဆောင်လျှက်ရှိကြသည်။
၎င်းအပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့လို အင်အားကြီးမားသည့်မွန်တပ်တော်တစ်ခု ဖြစ် အောင် မွန်တော်လှန်ရေးတပ်အင်အားစုတို့အားလုံး နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းရာတွင် ယုံကြည်မှု နှင့် ပွင့်လင်းမြင်သာမှု အဓိကရှိကြရန် အထူးလိုအပ်နေသည်ဟု ဆိုသည်။
မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဥာဏ်က “မွန်တပ်တစ်ခုတည်း ဖြစ်ဖို့ဆိုတာ နိုင်ငံရေးနဲ့အများကြီးဆိုင်တယ်။ ဒါပေမဲ့ စစ်ရေးမှာဆိုရင်တော့ မွန်တော်လှန်ရေးတပ် အနေနဲ့က မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေ တာတွေလည်းရှိတယ်။ နောက်တစ်ခုက အခုအချိန်မှာ မွန်တပ်တွေရဲ့ အရည်အချင်းဒီထက်ပိုကောင်း လာအောင်လည်း ကြိုးစားပြီး တိုက်ပွဲဝင်နေကြတယ်။ အဓိကကလေ တပ်ဖွဲ့အချင်းချင်းကြားမှာ ယုံကြည်မှုကို အရင်တည်ဆောက်သင့်တယ်။ ယုံကြည်မှုတွေ တည်ဆောက်ပြီးမှ မွန်တပ်တစ်ခုဖြစ်ပြီး အတူတကွလက်တွဲလို့ရမယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
တစ်ခုတည်းသော မွန်တပ်တော်တစ်ခုတည်းဖြစ်ပေါ်လာရေး ကနဦးခြေလှမ်းအနေဖြင့် အထက်ပါ မွန်လက်နက်ကိုင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့၄ ဖွဲ့ တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။
ထိုနောက် မေလ ၂၄ ရက်နေ့တွင် ရာမညပူးတွဲစစ်ကြောင်း၌ ပါဝင်သည့် NMSP-AD လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့သာ ပေါင်းစည်းပြီး ရာမညမွန်တပ်တော် – Ramonnya Mon Army (RMA ) ကို ဖွဲ့စည်းလိုက်နိုင်သည်။
မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဤကဲ့သို့ စစ်ကြောင်းတစ်ခုတည်းအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေး စစ်ရေးလှုပ်ရှားမည့်အပေါ်ကို ပြည်တွင်း ပြည်ပရှိ မွန်လူထုတို့ကလည်း အားပေးထောက်ခံခဲ့ကြသည်။
သို့သော်“ရာမညပူးတွဲစစ်ကြောင်း” အမည်ဖြင့် မွန်ပြည်နယ်အတွင်း စစ်ဆင်ရေး ၂ ကြိမ်သာ ဖော်ဆောင် နိုင်ခဲ့ပြီးနောက် ယခုနှစ် ဇွန်လကုန်ပိုင်းတွင် ပူးတွဲစစ်ကြောင်းရှိ တပ်များ ခဏတဖြုတ် ရုတ်သိမ်းလိုက်သည်ဟု ဆိုကာ မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်အဟုန်မြှင့်တင်မည်ဆိုသည့် “ရာမညပူးတွဲစစ်ကြောင်း”၏ မူလစစ်ရေးရည်မှန်းချက်များပင် မပြည့်မြောက်ခဲ့ပေ။
ထို့ကြောင့် ယနေ့ထိ အင်အားကြီးမားပြီး တောင့်တင်းခိုင်မာသည့် မွန်တပ်တော်တစ်ခု မပေါ်ထွက်လာနိုင်သေးသည့်အပေါ် မွန်လူငယ်တစ်ဦးက ယခုလို သုံးသပ်ပြောဆိုထားသည်။
“တစ်အချက်က တစ်ဖွဲ့နဲ့တစ်ဖွဲ့က အဖွဲ့ကိုတည်ဆောက်တဲ့ပုံစံကြောင့် တစ်ဖွဲ့တည်းဖြစ်အောင် ဖွဲ့တဲ့အခါမှာ အခက်အခဲရှိနေတယ်။ ဥပမာဆို အချို့အဖွဲ့တွေက စုပေါင်းအဖွဲ့အနေနဲ့ တပ်ဖွဲ့တစ်ခုခုရဲ့ လက်အောက်မှာနေရမယ်ပေါ့။ အခြားအဖွဲ့တွေကို အကုန်ရုတ်သိမ်းပြီး ဒီတပ်ဖွဲ့အောက် အကုန် ဝင်ရမယ်။ အချို့အဖွဲ့ကလည်း ပူးပေါင်းလိုက်တဲ့အဖွဲ့ကို စုပေါင်းခေါင်းဆောင်မှုပုံစံနဲ့ သွားရမယ်လို့ သူတို့မြင်တယ်။ ဒီလိုတွေကြားမှာ အခက်အခဲတွေရှိလာတယ်။ နှစ်အချက်က တပ်ဖွဲ့ကြားက ညီညွတ်မှုတွေ ယုံကြည်မှုတွေက အားနည်းလာကြတယ်။ မွန်တပ်ဖွဲ့တစ်ခုဖြစ်ဖို့ ပြည်သူတွေ ဖိအား ပေးနေပေမယ့်လည်း တစ်ဖွဲ့တွေကြားက ပူးပေါင်းမှု ယုံကြည်မှုတွေက အားနည်းနေကြတယ်။ အဲ့ဒါတွေကြောင့်ပေါ့” ဟု ၎င်းက ပြောသည်။
တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွက်လာချိန်တွင်လည်း နိုင်ငံရေး၊ စစ်ရေးအတွက် တိကျသေချာသည့် ရေတို-ရေရှည် ပန်တိုင်းများ ရေးဆွဲထားသင့်ပြီး အာဏာခွဲ ဝေမှုပုံစံတို့ကိုလည်း တပ်တွင်းအပြင် မွန်ပြည်သူလူထုတို့ကိုလည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်အသိပေးသင့်သည်ဟု ဆိုသည်။
အထက်ပါအချက်များကို ကြည့်ချင်အားဖြင့် အင်းအားကြီးမားပြီး ခိုင်မာတောင့်တင်းသော မွန်တပ်တော် တစ်ခုပေါ်ထွက်နိုင်ရန် မွန်တော်လှန်ရေးအင်းအားစုတပ်ဖွဲ့များအားလုံး ယုံကြည်မှုကို ဆက်လက်တည်ဆောက်ရဦးမည် ဖြစ်သည်။