မွန်ပြည်နယ်၊ ရေးမြို့နယ် ၊သင်္ဃန်းကျွန်းကျေးရွာ အုပ်ချုပ်ရေးမှုးကို ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တစ်ဦးမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
သင်္ဃန်းကျွန်းကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်သည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က ရေးမြို့ပေါ်မှ အစည်းဝေးတက်ရောက်ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းတစ်နေရာတွင် အသင့်စောင့်ဆိုင်းနေသည့် လက်နက်ကိုင်တစ်ဦးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ သူက ဘယ်သွားလဲတော့မသိဘူး တစ်ယောက်ထဲပဲ ဆိုင်ကယ်နဲ့သွားတာ သင်္ဃန်ကျွန်းရွာရဲ့အပြင်မှာ လယ်လမ်းတစ်နေရာမှာ သူ့အလောင်းကိုတွေ့တာ သေနတ်နဲ့ ပစ်သတ်ထားတာ ဘယ်သူပစ်သွားတာလဲတော့ မသိဘူး”ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှုသည် စစ်ကောင်စီနှင့် နီးစပ်သူဖြစ်ပြီး သင်္ဃန်းကျွန်းကျေးရွာလမ်းပိုင်းတစ်လျှောက် စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ်မည့်ကိစ္စအတွက် စစ်ကောင်စီတို့နှင့် သွားရောက်တွေ့ဆုံရန် ရေးမြို့ပေါ်သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်းလည်း ရေးမြို့နယ် အုပ်ချုပ်ရေးမှုအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
"အရင်တုန်းကဆို လင်းဦးတို့အဖွဲ့ပြောထားတာရှိတယ်၊ အဲဘက်မှာ ပြည်သူ့စစ်တွေကို အင်အားတိုးမြှင့်ပြီး ဂိတ်အသစ်ဖွင့်လှစ်ဖို့အတွက်ပေါ့နော်၊ သူတို့လူတွေလွှတ်မယ်ဆိုတော့လေ လင်းဦးအဖွဲ့ပဲစည်းရုံးနေတာ၊ အဲကြောင့် သူက စစ်ကောင်စီနဲ့ နီးစပ်တယ်လို့လည်း ထင်တာပေါ့"ဟု ဆိုသည်။
ယခုပစ်ခတ်မှုနှင့် ပတ်သတ်၍ ဒေသတွင်းလှုပ်ရှားနေသည့် မည်သည့်လက်နက်ကိုင်အဖွဲ့မှ တစ်စုံတရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ အဘော်-ဒူးယားကျေးရွာ လမ်းပိုင်းတွင် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ပြည်သူ့စစ်တစ်ဦးကို အမည်မသိသေနတ်သမားတို့က လာရောက် ပစ်သတ်ခဲ့သေးသည်။
ရေးမြို့နယ်တွင် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှုးများ၊ စစ်ကောင်စီနှင့် နီးစပ်သူတို့ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံပြီး ယခုသီတင်းပတ်တွင် ၂ ဦး ရှင်းလင်းခံခဲ့ရသည်။