မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပင်လယ်ပြင်ရှိ ငါးဖမ်းကျားဖောင်ပေါ်တွင် နှိပ်စက်ခံနေရပြီး မလွတ်မြောက်သေးသူတို့ များစွာရှိနေဆဲဖြစ်သည်ဟု ကျားဖောင်လုပ်ငန်းနှင့် နီးစပ်သူတို့၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့လာသော ဇီးဖြူသောင်မှ ပင်လယ်ငါးဖမ်းကျားဖောင်တစ်ခုပေါ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး နှိပ်စက်ခံနေရသည့် ဗီဒီယိုဖိုင်ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှုနှင့် တာဝန်ရှိသူတို့က ရေးဒေသတစ်ဝိုက်ရှိ ကျားဖောင်လုပ်ငန်းရှင်နှင့် ပွဲစားတို့ကို ခေါ်ယူတွေ့ဆုံပြီး အသိပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။
ဗီဒီယိုဖိုင်အတွင်း ပြစ်မှုကျူးလွန်ခဲ့သည့် ကျားဖောင်ဦးစီးဆိုသူသည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းကိုတွေ့ရှိသည့်နေရာတွင် သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားရန် ပြောဆိုထားကြောင်း သိရသည်။
ယခင်စစ်အာဏာမသိမ်းခင်ကပင် ပွဲစားများမှတစ်ဆင့် ရေးမြို့နယ် ပင်လယ်ကမ်းရိုးတမ်းဘက် ဝင်ရောက်အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားတို့သည် ကျားဖောင်လုပ်ငန်းရှင်တို့၏ ခြိမ်းခြောက်မှု၊ လိမ်လည်မှု၊ လုပ်အားခခေါင်းပုံဖြတ်မှုတို့နှင့် ရင်ဆိုင်နေရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုဆိုးရွားလာခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ ပင်လယ်ပြင်ရှိကျားဖောင်တို့တွင် ဖြစ်ပွားနေသည့် လူမဆန်သည့် နှိပ်စက်မှုများနှင့် သတ်ဖြတ်မှုတို့ကို တာဝန်ရှိသူတို့ မဖြေရှင်းနိုင်သဖြင့် ကျားဖောင်လုပ်သား ထောင်နှင့်ချီ ယနေ့အထိ မလွတ်မြောက်နိုင်သေးကြောင်းလည်း အစင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ အလုပ်သမားတွေက ဖောင်ထွက်ရင် အမြဲဘဲ အရိုက်ခံနေရတာ၊ အသတ်ခံထိပြီး သေသွားတဲ့သူတွေလည်း အများကြီးတွေ့ဖူးတယ်။ တချို့သေသွားတဲ့သူတွေကို ပင်လယ်ထဲမှာ ပစ်ချလိုက်တယ်၊ တချို့ကျတော့ ရွာကိုပြန်သယ်လာတယ်၊ ကျားဖောင်ပိုင်ရှင်က ပွဲစားတွေ၊ ရဲတွေနဲ့ ညှိပြီး နားလည်းမှုနဲ့နေလိုက်ကြတယ်။ ဒီလိုအဖြစ်တွေက ဖြစ်နေတာကြာပြီး အခုမှ တစ်ယောက်ပဲလိုင်းပေါ်မှာ ပေါက်ကြားသွားလို့ လူသိများလာတာ ခံနေရတဲ့သူတွေအများကြီးပဲ တစ်ယောက်မကဘူး” ဟု အစင်ရွာတွင် နေထိုင်သော ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရေးမြို့နယ်အတွင်း ကျားဖောင်လုပ်ကိုင်သူများအများစုတို့သည် ရန်ကုန်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ အသက် ၁၈ မှ ၄၀ နှစ်အတွင်းရှိသည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး ပွဲစားများမှတစ်ဆင့် အစင်း၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်ကျေးရွာရှိ ကျားဖောင်တို့တွင် လုပ်ကိုင်နေကြသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားတို့ကို တစ်ဦးလျှင် ၁၅ သိန်းမှ ၂၀ သိန်းအထိ ပွဲစားတို့မှ ကျားဖောင်လုပ်ငန်းရှင်ထံ လူကုန်ကူးသည့်ပုံစံဖြင့် အရောင်းအဝယ်လုပ်ထားပြီး အလုပ်သမားတို့က ပင်လယ်ပြင်တွင် ၆ လမှ ၉ လအထိ အလုပ်လုပ်ကိုင်ကြရသည်။
“ အလုပ်သမားတွေကို နွေဆိုရင် ဖောင်းတွေမှာအလုပ်လုပ်ခိုင်းတယ်၊ ဒီမိုးအချိန်ဆိုရင် ပိုက်လှေမှာအလုပ်လုပ်ခိုင်းတယ်။ သူတို့မှာ နားဖို့အချိန်တောင်မရှိဘူး၊ ပွဲစားတွေက သူတို့ကို လှည့်ပတ်နေတာ၊ ပြီးတော့ ပွဲစားကနေထွက်ပြေးလို့မရဘူး။ သူတို့က ရဲတွေနဲ့လည်း အဆက်အသွယ်ရှိနေတယ်၊ ထွက်ပြေးလည်း လွတ်မှာမဟုတ်ဘူး၊ ဒီဒုက္ခတွေကို မခံနိုင်တဲ့သူက ပင်လယ်မှာ ခုန်ချပြီး သက်သေလိုက်တာလည်း ရှိတယ်” ဟု ဇီးဖြူသောင်ကျေးရွာရှိ ရေလုပ်သားအမျိုးသားတစ်ဦးက ပြောသည်။
ရေးမြို့နယ် ဇီးဖြူသောင်ရွာတွင် ကျားဖောင်လုပ်ငန်း အများဆုံးလုပ်ကိုင်လျှက်ရှိပြီး စုစုပေါင်း ၁၀၀၀ ဝန်းကျင်အထိရှိပြီး ထိုကျားဖောင်လုပ်ငန်းအတွက် တစ်နှစ်လျှင် လုပ်သား ၄၀၀၀ ကျော် လိုအပ်လျက်ရှိသည်ဟု သိရသည်။
ပင်လယ်ပြင်ရှိ ငါးဖမ်းကျားဖောင်များတွင် နှစ်ပေါင်းများစွာဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်ပတ်သတ်၍ ယခင် အရပ်သားအစိုးရလက်ထက်ကပင် လွှတ်တော်ကိုယ်စားလှယ်များက မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အကောင်ထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။