စစ်အာဏာသိမ်းသည့်နောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့မှ စုပေါင်း ဖွဲ့စည်းထားသည့် ရာမညပူးတွဲစစ်ကြောင်းကို ပြန်လည်ရုတ်သိမ်းထားသည်ဟု မွန်တော်လှန်ရေးအဖွဲ့တို့ ထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကြောင်းဖွဲ့စည်းမှုသက်တမ်း ၄ လ ပြည့်မြောက်သည့် ဇွန်လ ၁၉ ရက်နေ့တွင် ပြန်လည်ရုတ်သိမ်းခဲ့ခြင်းဖြစ်ဟု ဆိုသည်။

“ရာမညပူးတွဲစစ်ကြောင်းက သက်တမ်းပြည့်တဲ့အတွက် စစ်ကြောင်းလှုပ်ရှားမှုအခြေအနေကို ပြန်လည်သုံးသပ်ဖို့အတွက် စစ်ကြောင်းကို တစ်ချက်ပြည်လည်ရုတ်သိမ်းလိုက်တာ ဖြစ်တယ်။ နောက်တစ်ချက်က စစ်ကြောင်းက ရဲဘော်တွေကို မွမ်းမံတာတွေ၊ လေ့ကျင့်မှုတွေ လုပ်ပေးဖို့လည်း ပါပါတယ်။ အခုက ရာမညမွန်တပ်တော် RMA လည်း ပေါ်လာပြီး ဖြစ်တဲ့အတွက် စစ်ကြောင်းက ရှေ့ဆက် ဘယ်လိုပုံစံဆက်သွားမလဲဆိုတာကို ဆွေးနွေးနေပါတယ်” ဟု ရာမညပူးတွဲစစ်ကြောင်းတွင် ပါဝင်ဆောင်ရွက်ခဲ့သူ NMSP-AD မှ နိုင်ဗညားမွန်က ပြောသည်။
ရာမညပူးတွဲစစ်ကြောင်းကို လူသိများသော မွန်တော်လှန်ရေးတပ်များဖြစ်သည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNLA-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့က ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုနှစ် မေလ ၂၄ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP-AD နှင့် မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော် RMA ကို ဖွဲ့စည်းခဲ့သည်။
“ရာမညပူးတွဲစစ်ကြောင်းမှာ ဟိုတုန်းကတော့ မွန်တပ် ၄ တပ် ပေါင်းပြီး ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ NMSP-AD နဲ့ MLA တို့က ပေါင်းစည်းလိုက်ပြီးတော့ မွန်တပ်တော် RMA ကို ဖွဲ့စည်းလိုက်တယ်။ အဲဒီတော့ MSRF နဲ့ MSDF ပဲ ကျန်နေတယ်။ ဒီအပေါ်မှာ ဆွေးနွေးချင်လို့ တစ်ချက် ပြန်လည် ရုတ်သိမ်းလိုက်တယ်။ RMA နဲ့ ဒီတပ်နှစ်တပ်က ရှေ့ဆက် ဘယ်လိုမျိုး ပူးပေါင်းလို့ရမလဲဆိုတဲ့ လမ်းကြောင်းတွေကိုလည်း ဆွေးနွေးနေကြပါတယ်။ ကျနော်တို့ကတော့ အားလုံးပါဝင်တဲ့ မွန်တပ်တော်တစ်ခုဖြစ်လာဖို့ကို ရည်ရွယ်ပြီး ဒီရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့လာကြတယ်” ဟု ရာမညစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
မွန်ပြည်နယ်အတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ မွန်ပြည်သူများ လိုလားနေသည့် မွန်တပ်တော်တစ်ခု အမြန်ဆုံး ပေါ်ထွန်းလားရေးကို ရည်ရွယ်ပြီး ရာမညပူးတွဲစစ်ကြောင်းကို ပထမခြေလှမ်းအနေဖြင့် မွန်တပ်ဖွဲ့ ၄ ဖွဲ့မှ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ကြောင်းဖွဲ့စည်းပြီးနောက် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သက္ကောဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင် တစ်ကြိမ်၊ ကလိုင်ပဒေါကျေးရွာအနီးရှိ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၂) ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်ကို သတင်းမှတ်တမ်းများအရ သိရသည်။