spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမလွှဲတောင်စစ်ဆေးရေးဂိတ်မှ ဆန်တင်သွင်းခွင့်အဓိကကန့်သတ်ထားပြီး ရေဖြူဒေသတွင် ဆန်ပြတ်လတ်လာ

    မလွှဲတောင်စစ်ဆေးရေးဂိတ်မှ ဆန်တင်သွင်းခွင့်အဓိကကန့်သတ်ထားပြီး ရေဖြူဒေသတွင် ဆန်ပြတ်လတ်လာ

    -

    မွန်နှင့်တနင်္သာရီအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ ဆန်တင်သွင်းခွင့် တစ်လနီးပါးခန့်ကန့်သတ်ထားပြီး ကျေးရွာအတွင်းရှိ ဆန်အရောင်းအဝယ်ဆိုင်တို့တွင် ဆန်ပြတ်လတ်နေသည်ဟု ရေဖြူဒေသခံတို့ထံမှ သိရသည်။

     ဇွန်လကုန်ပိုင်းမှစပြီး အဆိုပါ စစ်ဆေးရေးဂိတ်တွင်  စစ်ကောင်စီမှ စားနပ်ရိက္ခာတင်သွင်းမှု တင်းကြပ်စွာစစ်ဆေးနေသည့်အပြင်  ကန့်သတ်ထားသည့်ကုန်စည်များ သယ်ဆောင်လာပါက လိုက်လံသိမ်းဆည်းနေကြောင်း ဒေသခံတို့ကပြောသည်။

    လက်ရှိတွင် အလယ်စခန်း၊ ကျောက်ကဒင်၊ လော့သိုင်း၊ ကျွဲတလင်း၊ ရာဖူး၊ ရာဖူးရွာသစ်၊ သာယာမွန်၊ မရမ်းချောင်း စသည့် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းတို့တွင် ဆန်ဝယ်ယူရန်အခက်အခဲဖြစ်နေသည်ဟု ရာဖူးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးကပြောသည်။

    “တစ်လနီးပါးရှိနေပြီး၊ တစ်ဆိုင်မှဆန်ရောင်းဖို့မရှိတော့ဘူး၊ လိုင်းကားတွေ၊ရွာကားတွေ မော်လမြိုင် တက်ရင်တစ်အိတ်၊ နှစ်အိတ် ခိုးတင်လာတာတယ်၊ တစ်ခါဆို တစ်အိတ်နှစ်အိတ်ပဲ တင်လို့ရတယ်၊ ဆန်ပဲပိုကြပ်တည်းနေတာ”ဟု၎င်းကပြောသည်။

     ဆန်ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီဘက်မှ ကန့်သတ်ချက်လုပ်ဆောင်သည့် ကာလအပေါ်မူတည်၍ အခက်အခဲဖြစ်လာနိုင်ကြောင်းလည်း ဆက်ပြောသည်။

    အလားတူ ထားဝယ်ခရိုင်မြို့ပေါ်တို့တွင်လည်း ဆန်အများအပြား တင်သွင်းရောင်းဝယ်ခွင့် ကန့်သတ်ထားသည့်အပြင် ဂိတ်ဖြတ်သန်းခကြောင့် ဈေးကြီးပေးဝယ်နေရသဖြင့် ဒေသထွက်ဆန်များကိုသာစားသုံးနေကြသည်ဟု ကံပေါက်တိုက်နယ်ဒေသခံတစ်ဦးကပြောသည်။

    “ မြို့ပေါ်မှာလည်း သိပ်သယ်လို့မရဘူး၊ ပုံမှန်ဈေးနဲ့တစ်သောင်း နှစ်သောင်းလောက်ကွာတယ်၊ ထားဝယ်ဆန်ကြမ်းဆို ၆၅၀၀၀ ကျပ်၊ ဆန်ချော ဆို ၁သိန်းခွဲလောက်ရှိတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင်ကွာတယ်၊ ကမာကြည် ၁၀ပြည်ကို ၂၉၀၀၀ အချို့ ဆိုင်မှာ ၃၈၀၀၀၊ အရင်ကထက်ဒေသထွက်ဆန်ကိုပိုစားသုံးလာကြတယ်၊ ရန်ကုန်ဆန်တွေက ဈေးကြီးတယ်”ဟု၎င်းကပြောသည်။

     ယင်းဒေသတွင် မွန်၊ ကရင်၊ ထားဝယ် ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ စစ်ရေးပူးပေါင်းရန် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတရားဝင် ထုတ်ပြန်ပြီးနောက် စစ်တပ်မှ တော်လှန်ရေးအင်အားစု မကြီးထွားလာစေရန် ဖြတ်လေးဖြတ်လုပ်ဆောင်နေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ရေဖြူမြို့နယ်ရဲ့အပေါ်ဘက်ခြမ်းဖြစ်တဲ့ မလွှဲတောင်ဒေသဘက်မှာ ကျနော်တို့ပြည်သူ့ကာကွယ်ရေး တပ်တွေအနေနဲ့နယ်မြေစိုးမိုးမှုလုပ်နေတယ်၊ စစ်ရေးအရ ပူးပေါင်းဖို့လည်းရှိမယ်၊ အဲဒါ အင်အားတွေပိုပြီး ကြီးထွားလာမှာကိုစစ်တပ်ကကြောက်တယ်။ ဆန်အပြင်ဖြတ်လေးဖြတ် လုပ်နေတယ်မလွှဲတောင်ဘက်ကနေ ရေဖြူမြို့နယ်ကို ဝင်လာတဲ့ရိက္ခာတွေ၊ အဓိကဆန်ပေါ့နော် ဖြတ်တောက်နေတယ်”ဟု ၎င်းက ပြောသည်။

    ရေဖြူ၊ လောင်လုံး၊ သရက်ချောင်မြို့နယ်တို့တွင်တော်လှန်ရေးအားကောင်းသည့်နယ်မြေဖြစ်သလို တိုက်ပွဲများပိုမိုဖြစ်ပွားနေသည့်အတွက် ဖြတ်လေးဖြတ်စနစ်ကို စစ်ကောင်စီဘက်မှ မကြာခဏကျင့်သုံးလေ့ရှိသည်။

    စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ကြောင့်လည်း တနင်္သာရီဒေသခံနှင့် စစ်ဘေးရှောင်နေသူတို့ ဆက်သွယ်သွားလာမှု၊ ကုန်စည်နှင့် ဆေးဝါးအကူအညီရရှိရန် ခက်ခဲနေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks