လက်ရှိတော်လှန်ရေးကာလ၌ မွန်၊ ကရင်နှင့် တနင်္သာရီဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တို့အကြား အတူတကွလက်တွဲပြီး တိုက်ပွဲဝင်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မွန်၊ ကရင်နှင့် တနသႅာရီဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး (EAOs) အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့၏ တွေ့ဆုံညှိနှိုင်းပွဲကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လွတ်မြောက်နယ်မြေတနေရာ၌ ပြုလုပ်ခဲ့ပြီး ပူးပေါင်းညီညွှတ်ကြဖို့ ညီနောင်အားလုံး သဘောတူကြသည်ဟု ဆိုသည်။

“တောင်ပိုင်းဒေသမှာ တော်လှန်ရေးလုပ်နေတဲ့ မွန်၊ ကရင်၊ တနင်္သာရီတိုင်းအတွင်း ဘယ်တော်လှန်ရေးအဖွဲ့မဆို နယ်မြေခံ EAOs တော်လှန်ရေးတပ်တွေနဲ့ တပေါင်းတစည်းတည်း စုစည်းပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ ကျနော်တို့တွေ အခုအချိန်ဟာ စည်းလုံးရမဲ့အချိန်၊ ညီညွှတ်ရမဲ့ အချိန်၊ အတူတူလက်တွဲပြီး တိုက်ပွဲဝင်သွားရမဲ့အချိန်ဖြစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၃၊ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။
ထိုတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ ဥက္ကဌ နိုင်ဇေယျ၊ အတွင်းရေးမှုး နိုင်ဗညားလယ်အပါအဝင် ရာမညမွန်တပ်တော် RMA၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ-၆၊ တပ်ရင်း-၂၇၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ထားဝယ်တော်လှန်ရေးအင်အားစုအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) စစ်ရေးခေါင်းဆောင်ပိုင်းတို့ တက်ရောက်ဆွေးနွေးပြီး အတူတကွ တိုက်ပွဲဝင်သွားကြရန် သဘောတူခဲ့ကြသည်။
တော်လှန်ရေးအင်အားစုများ စုစည်းကြမှသာ အောင်ပွဲများ အမြန်ဆုံးရနိုင်သဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့် တင်သွားမည်ဖြစ်ကြောင်း ထားဝယ်တော်လှန်ရေးအင်အားစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တို့ တနင်္သာရီတိုင်းမှာကျတော့ စုစည်းမှုအား လိုနေတာကတော့ အားလုံးအသိပါပဲ။ အခု ထားဝယ်ခရိုင်ဘက်မှာဆိုရင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက စုစုစည်းစည်းနဲ့ အောင်မြင်မှု ရအောင် လုပ်နေတာကို တွေ့ရတယ်ပေါ့။ ဒါကြောင့် ဒီဒေသဘက်ကို အခြေချတဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စုစည်းညီညွတ်စွာ ခုခံရန်၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန်၊ မွန်၊ ကရင်၊ ထားဝယ်တပ်ဖွဲ့နှင့် PDF တပ်ဖွဲ့တို့အကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေးနှင့် လိုအပ်သည့် အကူအညီများ အပြန်အလှန်ပေးအပ်နိုင် ရန်အတွက် ပထမခြေလှမ်းအနေဖြင့် စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းသည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း ထုတ်ပြန်ထားပြီဖြစ်သည်။