spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမိုးကုတ်နှင့် ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံး

    မိုးကုတ်နှင့် ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံး

    -

    တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    မိုးကုတ်မြို့အနောက်ဘက်ခြမ်း၊ ကျပ်ပြင်မြို့၊ ဂေါင်းဦးဘာရပ်ကွက်ကို ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကြဲချခဲ့ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၃ ဦး သေဆုံးထားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ကျပ်ပြင် ဒေသခံ မဝေက “ကျောင်းအနားကို ကျတယ်။ အဲဒီအချိန် အိမ်မှာပဲရှိနေတာ။ မြေတွေပါတုန်သွားပြီး မှန်တွေကွဲကုန်တာ ပြီးမှ လေယာဉ်မှန်းသိတာ။ စစချင်း သုံးယောက်ဆုံးတယ်။ နောက်ထပ် ဒဏ်ရာရတဲ့လူတွေလဲရှိတယ်။ အိမ်တွေက နီးတာကိုး” ဟု ပြောသည်။

    သေဆုံးသူများသည် ဒေါ်ပျူး၊ ဦးလှသင်းနှင့် ဦးတိုးတို့ ဖြစ်ကြသည်ဟုလည်း အထက်ပါ ကျပ်ပြင်ဒေသခံက ပြောသည်။

    ၎င်းပြင် ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်း ဘိုးဘွားရိပ်သာအနီးကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အရပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မိုးကုတ်နှင့် ကျောက်မဲမြို့သည် ၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်းတွင် TNLA ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့် မြို့များဖြစ်သည်။

    အဆိုပါမြို့များကို တရုတ်၏ ဖိအားဖြင့် တွေ့ဆုံခဲ့ရသည့် ဆွေးနွေးပွဲများတွင် ပြန်ပေးရန် စစ်ကောင်စီဘက်က တောင်းလေ့ရှိကြောင်း TNLA က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

    ပြီးခဲ့သည့် ရက်သတ်တပတ်အတွင်း တရုတ်က စစ်တပ်နှင့် TNLA ကိုယ်စားလှယ်များကို သီးသန့်ခေါ်ယူတွေ့ဆုံကာ အပစ်အခတ်ရပ်စဲရန် ပြောဆိုခဲ့ပြီး လာမည့်ဩဂုတ်လတွင်လည်း သုံးပွင့်ဆိုင် တွေ့ဆုံရန် ရှိနေသည်။

    တွေ့ဆုံဆွေးနွေးမှုများမတိုင်မီ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ဖိအားပေးနိုင်ရန်ဖြစ်ကြောင်းလည်း TNLA က ထုတ်ဖော်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks