spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးမှုကြောင့် ဇွန်လအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံရသူတိုးလာ

    လိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးမှုကြောင့် ဇွန်လအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံရသူတိုးလာ

    -

    မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတို့၏ အတင်းအဓမ္မ ဖမ်းဆီးမှုကြောင့် ဇွန်လအတွင်း အရပ်သား ၁၄၅ ဦးအထိ ဖမ်းဆီးခံထားရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) အဖွဲ့မှ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    မတရားဖမ်းဆီးခံရမှုများတွင် လိုင်းစင်မဲ့ယာဉ်ကြောင့် ဖမ်းဆီးခံရမှုမှာ ၅၅ မှုအထိရှိပြီး၊ စစ်မှုထမ်းကိစ္စအပြင် တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်နွယ်သည့်စွပ်စွဲချက်များဖြင့် အတင်းအဓမ္မ ဖမ်းဆီးမှုများကို စစ်ကောင်စီမှ ကျူးလွန်လျှက်ရှိသည်ဟု သိရသည်။

    ဖမ်းဆီးခံရသူတို့အနက် ၉၀ ကျော်တို့သည် စစ်ကောင်စီထံ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး လူငယ်၊လူရွယ်တို့ဖြစ်ကြောင်းလည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ နိုင်အဲမွန်က ဆိုသည်။

    “ မေ၊ ဧပြီလတို့နဲ့ယှဉ်ကြည့်မယ်ဆိုရင် မွန်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ သူတွေက ပိုများလာတယ်။ ဘာလို့များလာလဲဆို လိုင်းစင်မဲ့တွေကို ဖမ်းဆီးတာများတယ်။ ပြီးတော့ ဒီလိုင်စင်မဲ့ အဖမ်းမှုများတဲ့ အကြာမှာ ဒီစစ်မှုထမ်းခိုင်းတဲ့ ဥပဒေနဲ့ သူတို့ရောလိုက်တယ်။ သူတို့လိုချင်တဲ့အရွယ်တွေ သူတိုယူတယ်၊ ၁၉ နှစ် ၂၀နှစ် အသက်ရှိတဲ့ လူငယ်တွေပေါ့။ ဖမ်းပြီး ဒီစစ်မှုထမ်းတဲ့ နေရာတွေကို သူတို့ပို့လိုက်တယ်” ဟု ဆိုသည်။

    လိုင်စင်မဲ့ယာဉ်ဖမ်းဆီးသည့် စီမံချက်ဖြင့် မွန်ပြည်နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်း ယာဉ်ထိန်းရဲ၊ ရဲနှင့် အဖွဲ့စုံတို့သည် လူစည်ကားရာနေရာတို့တွင် ဆိုင်ကယ်များကို စစ်ဆေးပြီး ၎င်းတို့သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း ဖောက်ဖျက်သူတို့ကို ဈေးနှုန်းသတ်မှတ်၍ ဒဏ်ကြေးဆောင်စေသည့်အပြင် ဖမ်းဆီးထောင်ချမှုတို့လည်း လုပ်ဆောင်လျှက်ရှိသည်။

    ဇွန်လအတွင်း ဖမ်းဆီးခံရမှုတို့သည် မွန်ပြည်နယ်တွင် ၆၀% ဖြင့် အများဆုံးဖြစ်ပြီး၊ တနင်္သာရီမှ ၃၅% နှင့် ကရင်ပြည်နယ်တွင် ဖမ်းဆီးခံရမှု ၅% ဖြင့် အနည်းဆုံးရှိနေပြီး လက်လှမ်းမီသည့် နေရာဒေသတို့ များစွာရှိနေသေးကြောင်း ဖြစ်သည်ဟု ဆိုသည်။

    ပြန်လည်လွတ်မြောက်လာသူ အများစုတို့သည် မိသားစုမှ ငွေကျပ် သိန်း ၃၀ မှ သိန်း ၈၀ အထိ စစ်ကောင်စီအဖွဲ့တို့ထံ ငွေပေးဆောင်ထားရသည်ဟုလည်း ဆက်ပြောသည်။

    “ဒီလိုသူတို့ဖမ်းမှုတွေ ပိုများလာတဲ့အမျှ လူငယ်မိဘတွေကို ထိခိုက်သွားစေတယ်။ ဘာလို့ဆို ကိုယ့်ရဲ့ သားသမီးက အဓမ္မစစ်မှုထမ်းကနေ လွှတ်ခွင့်ရဖို့အတွက် လာဘ်ငွေထိုးပေးရတယ်။ သူတို့ခြိမ်းခြောက်ပြီး ပေးရတာရှိလာတယ်။ ဒါတင်မကဘူး ဆိုင်ကယ်ပြန်မပေးပဲ သိမ်းသွားတာ အစီး ၁၀၀ ကျော်လောက် ရှိတယ်၊ ပြန်မလွှတ်ပေးတာလည်း အများကြီးရှိနေတယ်” ဟု နိုင်အဲမွန်က ဆက်ပြောသည်။

    ယနေ့အထိ စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုအကြောင်းပြု၍ စစ်ဆေးတင်းကြပ်နေစဉ်တွင် သွားလာခွင့်အပြင် လွတ်လပ်စွာပြောဆိုခွင့်တို့ပါ ဆုံးရှုံးနေသည်။

    စစ်ကောင်စီအဖွဲ့တို့ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် စောင့်ကြည့်ရေးနည်းပညာများဖြင့် ဖိနှိပ်မှု ပိုမိုလုပ်ဆောင်လာပြီး အထူးသဖြင့် လူမှုကွန်ရက်မှတစ်ဆင့် စောင့်ကြည့်ပြီး ဖမ်းဆီးခြင်းတို့ အများဆုံးလုပ်ဆောင်နေကြောင်း ဒီဂျစ်တယ်အရေးစောင့်ကြည့်သူတို့က ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၅ ဇွန်လအတွင်း မွန်၊ကရင်နှင့် တနင်္သာရီတွင် မတရားဖမ်းဆီးခံရမှု(၁၄၅)မှု၊ ချုပ်နှောင် ထိန်းသိမ်းခံရမှု (၉၀)မှု၊ ထိခိုက်ဒဏ်ရာရရှိမှု (၉၃)မှုနှင့် မတရားသတ်ဖြတ်ခံရမှု (၃၈) မှုဖြစ်ပွားခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ မှတ်တမ်းတင်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks