Home သတင်း စစ်ကောင်စီ၏ သွေးခွဲမှုကို သတိထားရန် လိုအပ်

စစ်ကောင်စီ၏ သွေးခွဲမှုကို သတိထားရန် လိုအပ်

တော်လှန်ရေးအင်အားစုများကို သွေးကွဲစေရန် ရည်ရွယ်၍ စစ်ကောင်စီ၏ သွေးခွဲ ပြောဆိုမှုများကို သတိပြုရ လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ လက်နက်ကိုင်အဖွဲ့တွေအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး မိမိတို့နှင့် ပူးပေါင်းရန် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းက ဖိတ်ခေါ်ထားသည်။

ထို့အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဆိုသော ရည်မှန်းချက် ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းစပျောက်သွားရန်မလိုဘဲ မိမိတို့၏ ယုံကြည်ချက်၊ မိမိတို့၏ မျှော်မှန်းချက် လမ်းကြောင်းပေါ် ရောက်ရှိရေး ဆက်လျှောက်လှမ်းရမှာ ဖြစ်ကြောင်း စစ်ကောင်စီက ဖိတ်ခေါ်ချက်တွင် ထည့်သွင်းထားသည်။

NUG နှင့် PDF ကို သွေးကွဲစေရန် စစ်ကောင်စီက လုပ်ဆောင်နေမှာ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ဝါဒဖြန့်မှုများကို သတိထားသင့်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

“ရန်သူကတော့ ရန်သူလို ကျင့်ကြံမှာ ဖြစ်တယ်၊ ပြီးတော့ PDF နဲ့ NUG ကို သွေးကွဲစေတဲ့ အသုံးအနှုန်းတွေပေါ့နော်၊ ဒီအပေါ်မှာ ပြောရမယ်ဆိုရင် PDF နဲ့ NUG ဆိုတာ ခွဲလို့ မရဘူး။ ခွဲလို့ မရတဲ့အရာဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ PDF နဲ့ ကျမတို့ မဟာမိတ် ပြည်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး မဟာမိတ်တပ်တွေက စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်ဖို့ ရည်ရွယ်ချက်၊ ဦးတည်ချက် တူနေတဲ့အတွက်ကြောင့် သွေးကွဲကြမှာလည်း မဟုတ်ပါဘူး။ ဒီလိုမျိုး ဦးတည်ချက် ပန်းတိုင်ဆီကို တစိုက်မတ်မတ် သွားတဲ့နေရာမှာ စကစရဲ့ ဝါဒပယောဂတွေအပေါ်မှာ မစီးမျောဖို့လိုအပ်တယ်ဆိုတာလည်း ကျမတို့ သတိထားသင့်ပါတယ်” ဟု ပြောသည်။

PDF များအား ၎င်းတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခြင်းသည် တော်လှန်ရေးအင်အားစုများ၏ အင်အားကို ပြုန်းတီးစေရန်နှင့် ၎င်းတို့ တရားဝင်မှုရစေရေး ရွေးကောက်ပွဲကို ဦးတည်နေခြင်းဟု မိတလဉာဏ်က ဆက်ပြောသည်။

စစ်ကောင်စီက မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပတော့မည့် အခြေအနေမျိုးမှာ လက်နက်ကိုင် လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမှာ မဟုတ်ဘဲ ဒီမိုကရေစီ နောက်ပြန်သွားသလို ဖြစ်နေကြောင်း ဆိုသည်။

တော်လှန်ရေးအင်အားစုအကြား သွေးစည်းညီညွတ်မှုကို သပ်လျိုသွေးခွဲလို၍ စစ်ကောင်စီက PDF များကို မိမိတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း တိုင်းပြည်တည်ငြိမ်၍ ငြိမ်းချမ်းစေလိုသည့် စိတ်ဆန္ဒဖြင့် ဖိတ်ခေါ်ခြင်း မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှုး ခွန်ဝေထူးက ပြောသည်။

“အထူးသဖြင့်ပေါ့လေ၊ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ကြားမှာပေါ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ ရှိတယ်၊ PDF၊ NUG၊ CRPH၊ NUCC စတဲ့ ကျနော်တို့ အင်အားစု အသီးသီးတွေ ကြားမှာ သွေးစည်းညီညွတ်နေတာ ဖြစ်တဲ့အတွက် သွေးစည်းညီညွတ်မှု အားကောင်းနေတာ ဖြစ်တဲ့အတွက် ဒါကို စစ်ကောင်စီက သပ်လျိုသွေးခွဲတဲ့ သပ်လျိုသွေးခွဲနိုင်ဖို့အတွက် ဖိတ်ခေါ်ကမ်းလှမ်းတာပဲ ဖြစ်တယ်။ ကျနော်တို့ရဲ့ သွေးစည်းညီညွတ်မှုကို ရိုက်ချိုးချင်တဲ့ ဖြိုခွဲချင်တဲ့ ရည်ရွယ်ချက်နဲ့သာလျှင် ဖိတ်ခေါ်နေတာ ဖြစ်တယ်။ တကယ်မှန်ကန်တဲ့ Political will နဲ့ ဖိတ်ခေါ်တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းချင်တဲ့ စိတ်ဆန္ဒနဲ့ ဖိတ်ခေါ်နေတာလည်း မဟုတ်ဘူး။ တိုင်းရင်းသား ပြည်သူလူထု တွေကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်နဲ့ အမျိုးသား တန်းတူရေးကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကိုလည်း သဘောတူလို့လည်း လိုလိုလားလား ကြည်ကြည်ဖြူဖြူ ရှိလို့ ဖိတ်ခေါ်တာမျိုးလည်း မဟုတ်ဘူးပေါ့နော်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သည် နယ်မြေအများအပြားကို ဆုံးရှုံးထားရကြောင်း အဆိုပါ နယ်မြေများကို ပြန်လည်ရရှိရန် တော်လှန်ရေးအင်အားစုအကြား သပ်လျိုသွေးခွဲနေကြောင်း ခွန်ဝေထူးက ပြောသည်။

စစ်ကောင်စီ၏ သပ်လျှိုသွေးခွဲမှုသည် ထိရောက်မှာ မဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုများက စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဦးတည်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.