Wednesday, March 18, 2026
More
    spot_img
    Homeသတင်းဝါတွင်းကာလ၌ အဖိတ်နေ့နှင့် ဥပုသ်နေ့တို့တွင် ကျောင်းပိတ်ပေးရန် တောင်ပေါက်ဒေသခံများ လိုလားနေကြ

    ဝါတွင်းကာလ၌ အဖိတ်နေ့နှင့် ဥပုသ်နေ့တို့တွင် ကျောင်းပိတ်ပေးရန် တောင်ပေါက်ဒေသခံများ လိုလားနေကြ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ဝါတွင်းကာလ၌ အဖိတ်နေ့နှင့် ဥပုသ်နေ့တို့အား ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ပေးရန် ဒေသခံကျောင်းသားမိဘများက လိုလားနေကြောင်း စုစမ်းသိရှိရသည်။

    “ဒီလိုဝါဝင်ကာလမှာ အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေမှာ ကျောင်းဖွင့်နေတော့ ကျောင်းသားမိဘတွေ လည်း ဥပုသ်စောင့်တာတွေ၊ ဘုရားကျောင်းသွားဖို့က အခက်အခဲတွေနဲ့ ကြုံတွေ့ရတယ်ပေါ့။ ပြီးတော့ စာသင်နေကြတဲ့ နယ်ဝေးက ဧည့်သည်ဆရာ၊ ဆရာမတွေလည်း သူတို့နေရပ်တွေကို ပြန်လို့ အဆင်မပြေဘူးလေ။ ဒေသအခြေအနေကလည်း လမ်းခရီးက ကုန်းတတန်း၊ လှေတတန်းကြောင့် ပိတ်ရက် မဆက်ရင် ပြန်ဖို့ အခက်တွေ့စေပါတယ်” ဟု ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ဒေသရှိ မွန်ကျေးရွာများတွင် မွန်အမျိုးသားပညာရေးကျောင်းများနှင့် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိကြပြီး နှစ်စဥ် ဝါတွင်းကာလရောက်ချိန် စနေနှင့် တနဂႅနွေနေ့တို့အစား အဖိတ်နေ့နှင့် ဥပုသ်နေ့တို့တွင် ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

    သို့သော် အထက်ဌာနက ညွှန်ကြားချက်ဆိုပြီး ယခုနှစ် ဝါတွင်းကာလ၌ ဥပုသ်နေ့နှင့် တနဂႅနွေနေ့တို့တွင် ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း တောင်ပေါက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သူက ဆုံးဖြတ်လိုက်သည်။

    ထိုကျောင်းပိတ်ရက်ကိစ္စနှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ဒေသခံအချို့တို့က အခြေခံပညာအထက်တန်းကျောင်းတာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းဆွေးနွေးသော်လည်း အထက်အမိန့်မှလွဲပြီး တခြားညှိနှိုင်းမှုများ လက်မခံကြောင်း ပြောဆိုသည်။

    “တစ်ချို့ဒေသတွေမှာ တခြားကိုးကွယ်တဲ့ဘာသာဝင်တွေ ရှိလို့ (အဖိတ်နေ့၊ ဥပုသ်နေ့) မပိတ်ပေးတာက ထားလိုက်ပါ။ အခု ကျနော်တို့ဒေသက ဗုဒ္ဓဘာသာဝင်ကလွဲပြီး တခြားကိုးကွယ်တဲ့ဘာသာဝင်တွေ မရှိဘူးလေ။ ကျောင်းအုပ်ကြီးက ဘာလို့ ဒီလိုပိတ်ရက် ရွေးရတာလဲလို့ စဉ်စားရခက်နေတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိကကျောင်းများအပါအဝင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးတစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့တို့တွင် ကျောင်းပိတ်ရမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သူက ပြောဆိုခဲ့သည်။

    ထိုကြောင့် ယခုနှစ် ဝါတွင်းကာလ၌ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၏ ညွန့်ကြားချက်အတိုင်း လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း တောင်ပေါက်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

    “တနင်္ဂနွေနဲ့ ဥပုသ်နေ့တွေကိုပဲ ကျောင်းပိတ်ဖို့ အထက်ဌာနကနေ ညွန့်ကြားထားတယ်ပေါ့။ အများစုက ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် ဥပုသ်စောင့်တာ ရှိတယ်။ ဒါကြောင့် ဥပုသ်နေ့ ပိတ်တယ်။ တနင်္ဂနွေကကျတော့ ဓမ္မစကူးတွေ ရှိကြတယ်ဆိုတော့လေ။ အဲကြောင့် ဥပုသ်နဲ့ တနင်္ဂနွေတွေမှာ ပိတ်ရတာ ဖြစ်တယ်” ဟု ၎င်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လက်ရှိ အထက တောင်ပေါက်တွင် တောင်ပေါက်ကျေးရွာအပါအဝင် အနီးနားရှိ ပေါလောကုန်၊  မျှင်ဝါကုန်၊ နောင်ဗရေ့စသည့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ရာနှင်ချီ ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks