spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ လုပ်မှာလား

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ လုပ်မှာလား

    -

    စစ်ကောင်စီသည် ယခုနှစ် ဒီဇင်ဘာလအတွင်း သို့မဟုတ် လာမည်နှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုလျက်ရှိသည်။

    စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု အများဆုံးရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ တိုင်းရင်းသား အင်အားကြီး နိုင်ငံရေးပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့ ပါဝင်ခြင်း မရှိသည့်အခြေအနေရှိသည်။ရွေးကောက်ပွဲအလွန် အစိုးရတစ်ရပ်ဖွဲ့စည်းမှုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးအား ရယူနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ရယူဖို့ ရည်မှန်းထားကြောင်း သို့သော်လည်း ရွေးကောက်ပွဲ အခင်းအကျင်းအား စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်အမျိုးသမီးများ ကွန်ယက်မှ ဒေါ်ညိုအေးက ပြောသည်။

    “သူကတော့ အဲဒီနေရာ (သမ္မတ) မှန်းတယ်လေ။ ကျမတို့ မြင်နေရတာပဲ။ လယ်ပြင်ကြီးမှာ ဆင်တစ်ကောင်သွားနေသလို မြင်နေရတဲ့သဘောမျိုးပေါ့နော်။ သူကတော့ မှန်းတယ်။ ဒါပေမဲ့ သွားနိုင် မသွားနိုင်က ကျမတို့ အခုလာမယ့် ရွေးကောက်ပွဲ အခင်းအကျင်းမှာ စကားပြောလာကြမယ်။ သူတို့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေက ဘယ်လို လေသံထွက်လာမလဲ အဲဒါတွေလည်း ကျမတို့ စောင့်ကြည့်ရမှာ ဖြစ်တယ်။ သူကတော့ အဲဒီလမ်းကို သွားကို သွားချင်နေတာ” ဟု ပြောသည်။

    အဆိုပါ ရွေးကောက်ပွဲသည် ပြည်သူလူထုအားလုံးအပါအဝင် အခြေအနေ အမျိုးမျိုးကြောင့် တိုင်းပြည်မှ စွန့်ခွာရသူတို့အတွက် ရလဒ်ကောင်း ရရှိမှာ မဟုတ်ကြောင်း ဒေါ်ညိုအေးက ဆက်ပြောသည်။

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပရန်ရှိကြောင်းနှင့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)၊ အချိုးကျကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားထားသည်။

    ရွေးကောက်ပွဲကို ရသည့်နည်းဖြင့် ကျင်းပနိုင်ပြီး စစ်ခေါင်းဆောင်က သမ္မတ လုပ်မှာဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သော နိုင်ငံများက ထောက်ခံမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “ရွေးကောက်ပွဲက ဖြစ်မှာ လိမ်လည်း လိမ်မှာ၊ ရွေးကောက်ပွဲက မြို့နယ် ၅၀ လောက်ရှိရင်ကို ဖြစ်တယ်၊ မရ-ရအောင်လုပ်ပြီး မင်းအောင်လှိုင် သမ္မတ လုပ်မှာ၊ လုပ်မှာ သူက ရွေးကောက်ခံ သမ္မတလုပ်ပြီးတော့ ကမ္ဘာကို ကြေညာမှာဆိုတော့ တရုတ်၊ ရုရှားနဲ့ သူ့အပေါင်းအပါတွေက ထောက်ခံမယ်၊ အိန္ဒိယထောက်ခံမယ်၊ အာဆီယံတစ်ခြမ်းပေါ့ကွာ၊ တရုတ်တပည့်တွေ လာအိုတို့ ကမ္ဘောဒီးယားတို့ ဗီယက်နမ်တို့ ထောက်ခံမယ်၊ အဲဒီမှာ တော်တော်သူက အားရှိသွားပြီ။ တို့က ဒါကို ဘယ်လိုလုပ် ဖျက်မလဲ” ဟု ပြောသည်။

    အဆိုပါ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားထားသော်လည်း ထိရောက်မှု မရှိဘဲ ရွေးကောက်ပွဲ ဖြစ်သွားနိုင်ကြောင်း ဦးကြီးမြင့်က ဆက်ပြောသည်။

    အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကလည်း မိမိတို့ နယ်မြေဒေသများတွင် တိုက်ပွဲများ ဖော်ဆောင်ရခြင်းကြောင့် ရွေးကောက်ပွဲ ပျက်အောင် ဖျက်နိုင်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

    စစ်ကောင်စီက ကျင်းပရန် လုပ်ဆောင်နေသော ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများကို ပြေလည်စေမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဇူလိုင် ၁ ရက်မှာ ပြောကြားထားသည်။

    “ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီ ကျင့်စဉ်ကို ချိုးဖောက်ခြင်းပင် ပြည်သူ့အချုပ်အခြာ အာဏာကို မတရားရယူရန် ကြိုးစားခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က၂၀၀၈ အခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တာကြောင့် ဒီအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်  စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တာ ဖြစ်ပါတယ်။ ဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက် မဟုတ်ပါဘူး” ဟု ပြောသည်။

    တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်လက်ရပ်တည်ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုပဲ ဝိုင်းဝန်းဆန့်ကျင်ရန် ဦးနေဘုန်းလတ်က တိုက်တွန်းထားသည်။

    စစ်ကောင်စီ ထိန်းချုပ်မြို့နယ်များအတွင်းရှိ ပြည်သူလူထုများမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် မဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဘာမဆိုလုပ်ဆောင်နိုင်သည်ဟု နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောသည်။

    လက်ရှိမှာ စစ်ကောင်စီ၏ မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၉၀ ကျော်ရှိနေပြီး အဆိုပါ နိုင်ငံရေးပါတီများမှာ စစ်ကောင်စီနှင့် နီးစပ်သော နိုင်ငံရေးပါတီများဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီး၏ နေရာ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရယူထားခြင်းကြောင်း မည်သို့သော ကိစ္စရပ်မဆို စစ်ကောင်စီတပ် ထောက်ခံမှုရရှိမှသာ အတည်ပြုနိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲအလွန် အခင်းအကျင်းများမှာ စစ်ခေါင်းဆောင်၏ နိုင်ငံရေး စိတ်ဆန္ဒအပေါ် မူတည်နေကြောင်း သုံးသပ်သူများက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts