spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ရွေးကောက်ပွဲကို မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က နည်းလမ်းပေါင်းစုံဖြင့် တားဆီးသွားမည်ဟု ဆို

    စစ်ကောင်စီ ရွေးကောက်ပွဲကို မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က နည်းလမ်းပေါင်းစုံဖြင့် တားဆီးသွားမည်ဟု ဆို

    -

    မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်မှုများ လုပ်ဆောင်လာနေပြီဖြစ်သည့်အတွက် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နည်းလမ်းပေါင်းစုံဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း မွန်ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က ပြောဆိုလိုက်သည်။

    စစ်ကောင်စီက ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတို့တွင်လည်း ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

    “ကျနော်တို့ရဲ့ တော်လှန်ရေးအဖွဲ့တွေက မိမိတို့ရဲ့ နယ်မြေတွေထဲမှာ ရှိနေတဲ့လူထုတွေရော၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေမှာ ရှိနေတဲ့ လူထုတွေရောကတော့ နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမယ်။ တော်လှန်ရေးထိန်းချုပ်နယ်မြေရှိ လူထုတွေက လူထုကန့်ကွက်ဆိုတဲ့အကြောင်း၊ လူထုလက်မခံဆိုတဲ့အကြောင်းတွေကို လုပ်ဆောင်သွားမယ်။ ရွေးကောက်ပွဲဖြစ်ဖို့အတွက် သူတို့ဘက်က အတင်းအကြပ် လုပ်ဆောင်နေသလို ရွေးကောက်ပွဲမဖြစ်ဖို့ ကျနော်တို့ဘက်ကလည်း လူထုနည်းနဲ့ တိုက်ဖျက်ရမယ်၊ စစ်ရေးအရ တားဆီးရမှာ ဖြစ်တယ်။ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ရွေးကောက်ပွဲကာလအတွင်း ဘယ်နေရာတွေမှာ သွေးထွက်သံယိုမှုတွေ ဖြစ်လာမယ်ဆိုတာကို ကျနော်တို့ အတိအကျပြောလို့ မရဘူး” ဟု ဗျူဟာ (၃၃) နယ်မြေ၊ ဒေါနစစ်ကြောင်းမှ စစ်ဆင်ရေးမှုး စောဒါးကိုက ပြောသည်။

    ရွေးကောက်ပွဲမတိုင်ခင်ကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ ပါဝင်သူနှင့် ဆန့်ကျင်သူတို့အကြား သွေးထွက်သံယိုမှုများ ပိုမိုဖြစ်ပွားလာနိုင်ပြီး ရွေးကောက်ပွဲကို အီလက်ထရွန်နစ်နည်းပညာဖြင့် ပြည်သူလူထုကို လိမ်လည်မှုများ ပြုလုပ်ရန် စစ်ကောင်စီက ကြံစည်နေသည်ဟု စောဒါးကိုက ဆက်ပြောသည်။

    စစ်ကောင်စီ၏ ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲကို တိုက်ဖျက်သွားမည်ဟု သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည့်ကာလအတွင်း ပြည်သူလူထုများအနေဖြင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ကြရန် တိုက်တွန်းသည်ဟု ရာမညပူးတွဲစစ်ကြောင်းမှ တာဝန်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

    “ပြီးတော့ မွန်နိုင်ငံရေးပါတီတွေအနေနဲ့ စကစကျင်းပမဲ့ ရွေးကောက်ပွဲကို မပါဝင်ဖို့ အလေးနက် ထပ်တိုက်တွန်းပါရစေ။ ဒီတိုက်တွန်းမှုကို လျစ်လျရှုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက် အတုအယောင်ရွေးကောက်ပွဲမှာ ဒီတိုင်းပဲ ဆက်လက်ပါဝင်နေမယ်ဆိုရင် စကစရဲ့ ထောက်တိုင်တွေအဖြစ် သတ်မှတ်သွားမယ်၊ အဲဒီလူတွေကိုလည်း စစ်ရေးအရဖြစ်ဖြစ် အရေးယူသွားမယ်ဆိုတာကို ထပ်သတိပေးတယ်” ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

    စစ်ကောင်စီဘက်ကလည်း ၂၀၂၅ ရွေးကောက်ပွဲကို စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်း လုံခြုံစိတ်ချစွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးကဏ္ဍများ ဖြည့်တင်းထားသလို တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် နယ်မြေဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်နီးပါး စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိသည်။

    လက်ရှိတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် အီလက်ထရွန်နစ်မဲပေးစက် (MEVM) များ ရောက်ရှိနေပြီးဖြစ်သလို စက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းများကိုလည်း ပို့ချမှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks