မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြရွာတွင် နေအိမ်အတွင်းရှိနေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ရသည်ဟု ရေးဒေသခံတို့မှ သိရသည်။
ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စံပြရွာနေ အသက် ၆၄ နှစ် အရွယ် အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ရောက်ရှိလာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါ အမျိုးသားသည် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

“သူက ဒူးရင်းသီးတို့ ဓညင်းသီးတို့ အုန်းသီးတို့ အရောင်းအဝယ်လုပ်နေတာ။ လာပစ်တဲ့သူနှစ် ယောက်က ဒူးရင်းသီးလာဝယ်သလိုလိုနဲ့ ဝင်ပစ်လိုက်တာ”ဟု ၎င်းက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သေဆုံးသွားခဲ့ရသည့်အဆိုပါအမျိုးသားနှင့်အတူ သူ၏ညီမဖြစ်သူလည်း နေအိမ်တွင် ရှိနေသည်ဟု ဆက်ပြောသည်။
ပစ်သတ်ခံရသည့်အမျိုးသားသည် နေပြည်တော်ဇာတိဖြစ်ကာ စံပြရွာအတွင်း ဥယျာဉ်ခြံထွက် ဒေသသီးနှံတို့ကို တစ်ဆင့်ခံဝယ်ယူရောင်းချပြီး ရွာအတွင်း ၁၀ နှစ်ကျော်ကြာအထိ နေထိုင်ခဲ့သူဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်တို့ ပြောပြချက်အရ သိရသည်။
မည်သည့်ဒေသခံနှင့် ရန်ငြှိုးရန်စမရှိသည့်အပြင် လက်နက်ကိုင်အဖွဲ့တို့နှင့်လည်း ပတ်သတ်မှုမရှိကြောင်းလည်း ဒေသခံတို့ပြောဆိုလျှက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီတပ်တို့က ဖြစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေအိမ်နှင့် အနီးတစ်ဝိုက်ကို အင်အားအများအပြားဖြင့် ဝန်းရံထားပြီး စစ်ဆေးမှုပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ရေးမြို့နယ်တွင် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှုးနှင့် စစ်ကောင်စီနှင့် နီးစပ်သူတို့ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။
ပြီးခဲ့သည့်မေလအတွင်း မွန်ပြည်နယ်၌ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် အမျိုးသား(၅)ဦးထက်မနည်း သေဆုံးခဲ့ရပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မှ ကျူးလွန်ဆောင်ရွက်ခဲ့ခြင်းကိုလည်း ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။