spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည်

    စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည်

    -

    စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်၍ နေပြည်တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပသွားမည်ဟု သိရသည်။

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း 7 EAO Alliance မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “ကျနော်တို့ မတ်လ ၂၄ ကနေ ၂၆ အဲဒီမှာ Peace Talk ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီ လုပ်ခဲ့တဲ့ အခြေအနေက ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေကို ၃ လ တစ်ကြိမ်လုပ်နိုင်အောင် ကြိုးစားကြမယ်ဆိုပြီးတော့ အဲဒီလိုမျိုး နားလည်မှု ယူထားတာ ရှိတဲ့အပေါ်မှာ အခု ၃ လပြည့်ပြီပေါ့ဗျာ၊ ဒီ ၃ လပြည့်တဲ့အချိန်မှာ ကျနော် နားလည်တာတော့ SAC အနေနဲ့ နားမလည်ဘူး။ NSPNC ကနေပြီးတော့ ဒီပွဲကို ကမကထလုပ်ပြီးတော့ အဲဒီလိုမျိုး ဖြစ်တယ်လို့ နားလည်တယ်။ ဒီပွဲကလည်းပဲ အရင်တုန်းကလိုမျိုး Peace Talk လို့ မခေါ်ဘဲနဲ့ Peace Forum လို့ ခေါ်တယ်ဆိုတာလည်းပဲ ဖိတ်စာအရ ကျနော်တို့ တွေ့ရရတာ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်ရရှိထားသော နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ ပုဂ္ဂိုလ်များလည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကိစ္စရပ်များ၊ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းများ၊ ငြိမ်းချမ်းရေးရရှိရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး စသည်တို့ကို ဆွေးနွေးသွားနိုင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်မည့်သူတို့ထံမှ သိရသည်။

    စစ်ကောင်စီက ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်းသည် ၎င်းတို့ အာဏာတည်တံ့ရေးအတွက် တရားဝင်မှုရှိရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “နိုင်ငံတော်ရဲ့ အာဏာကို အကြမ်းဖက် လုယူထားတဲ့ စစ်ကောင်စီအုပ်စုက ငြိမ်းချမ်းရေး စကားပြောတဲ့အခါကြတော့ စကားရိုင်းရိုင်းပြောရမယ်ဆိုလို့ရှိရင် ပြည်တန်ဆာခေါင်းက ပြည်တန်ဆာပပျောက်ရေးစကားပြောတာနဲ့ အတူတူပဲလို့ ကျနော်အနေနဲ့ ပြောကြားလိုတယ်၊ သူတို့ရဲ့ အာဏာတည်တံရေးအတွက် သူတို့ရဲ့ အုပ်ချုပ်မှုကို Legitimacy ပေါ့နော်၊ တရားဝင်ဖြစ်ဖို့အတွက် အခုလို့ နိုင်ငံတကာကို မျက်လှည့်ပြဖို့အတွက် အထူးသဖြင့် အာဆီယံကိုပေါ့နော်၊ လိမ်လည်ဖို့အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

    နိုင်ငံခြား အကြံပေးပုဂ္ဂိုလ်များသည်လည်း စစ်ကောင်စီနှင့် နီးစပ်သော အာဆီယံအဖွဲ့ဝင်အချို့၊ နိုင်ငံတကာအချို့ အခကြေးပေး၍ ခေါ်ဆောင်လာနိုင်ကြောင်း၊ သမာသမတ်ကျသော ပညာရှင်များကို ခေါ်မည်မဟုတ်ကြောင်း နိုင်နဂါးက ဆက်ပြောသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အမြင်မတူမှု၊ ဝေဖန်မှုများ ရှိနေမှာဖြစ်ကြောင်း သို့သော်လည်း လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အဖြေမဟုတ်သည့်တိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းကို အစပျိုးခြင်းဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

    “ကျနော်တို့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အဖြေမျိုး မဟုတ်သည့်တိုင်အောင် ကျနော်တို ရင်ဆိုင်ကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ဘယ်လို အစပျိုးလို့ ရနိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေအပေါ်မှာ ဒီလို မရှိမဲ့ရှိမဲ့ အခြေအနေအောက်မှာကတော့ ဒီလိုမျိုး‌တွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ ကျနော်တို့အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက ဖိတ်ကြားခံရတယ်၊ တက်ရောက်နိုင်အောင်လည်းပဲ ကျနော်တို့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အခြေအနေအရပေါ့လေ၊ အဲဒီလိုမျိုးဆောင်ရွက်မှုတွေကတော့ ရှိနေတယ်ဆိုတာတော့ ပြောလိုပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ NSPNC မှ ဦးဆောင်၍ နေပြည်တော်တွင် Peace Talk 2025 ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့သေးသည်။

    စစ်ကောင်စီက ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လက်ရှိ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ မပါဝင်နိုင်သည့်အတွက် နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေး လမ်းကြောင်းပေါ် ရောက်ရှိမှာ မဟုတ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks