spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်ခံရမှုမြင့်တက်နေဆဲ

    ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်ခံရမှုမြင့်တက်နေဆဲ

    -

    အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်လုပ်ငန်းများကို လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသားတို့ကို စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ဖော်ထုတ်အရေးယူမှု လုပ်ဆောင်နေသော်လည်း ပြည်သူတို့ကြား အွန်လိုင်းငွေလိမ်လည်ခံရမှု မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၀၀ ကျော်ကို စစ်ဆေးဖော်ထုတ်ခဲ့ပြီး ၎င်းတို့အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းဖော်ထုတ်မှုဆက်လက်လုပ်ဆောင်ကြောင်း စစ်ကောင်စီပိုင်မီဒီယာမှ အချက်အလက်များအရသိရသည်။

    သို့သော် အွန်လိုင်းငွေလိမ်လည်မှု ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားတို့ နယ်စပ်ဒေသအတွင်း နေထိုင်နေဆဲဖြစ်ပြီး ငွေလိမ်လည်မှုလုပ်ငန်းတို့ လုပ်ကိုင်နေဆဲဖြစ်ကြောင်း နယ်စပ်သတင်းအရင်းမြစ်တစ်ဦးမှပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့တွင် အွန်လိုင်းမှတစ်ဆင့် ဒေသခံတစ်ဦးထံမှ ငွေကျပ်သိန်း ၇၀၀ ကျော်လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

    ဘုရားသုံးဆူဒေသခံ အမျိုးသားတစ်ဦးက “ခုနောက်ပိုင်း လိမ်လည်မှုတွေ တအားများလာတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ကျွန်တော်သူငယ်ချင်းနဲ့ နီးစပ်သူတစ်ယောက်က မြန်မာငွေ သိန်း ၇၀၀ ကျော်လောက် ဆုံးရှုံးလိုက်ရတယ်။ ဘယ်လိုလဲဆိုတော့ အွန်လိုင်းမှ ငွေလွှဲဖို့ သူတို့ကို ငွေထည့်ပေးလိုက်တယ်။ ပြီးတော့ သူတို့က အကောင့်ဖျက်တယ်၊ ခြေရာဖျောက်လိုက်တယ်၊ လိမ်လည်သွားတယ်” ဟု ပြောသည်။

    လက်ရှိ ကျောင်းဖွင့်ရာသီတွင် အွန်လိုင်းပညာရေးဝန်ဆောင်မှုပေးသည့်ပုံစံဖြင့် ပြည်သူတို့ ငွေကြေးလိမ်လည်ခံရမှု ပိုမိုဖြစ်ပွားလျှက်ရှိကြောင်းလည်း မွန်ဒေသခံတို့မှ သိရသည်။

    အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသူတို့သည် လက်နက်ကိုင်အင်အားစုတို့နှင့်အဆက်အစပ်ရှိခြင်း၊ နိုင်ငံရေး ပဋိပက္ခကြီးမားခြင်း၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားခြင်းနှင့် နေ့စဉ်စားဝတ်နေရေးအကြပ်အတည်းကြား မက်လုံးပေးဆွဲဆောင်ခြင်းတို့ကြောင့် ငွေလိမ်လည်ခံရမှု ဆက်လက်ကြီးထွားနေဆဲဖြစ်ကြောင်း ပြည်တွင်း ဒီဂျစ်တယ်အရေး လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

    "အွန်လိုင်းဆိုတာက နေ့စဉ်လူမှုဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်၊ လက်ရှိပဋိပက္ခတွေမြင့်မားနေတဲ့အချိန် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်၊ ဒါကို ဂဏန်းအရေအတွက်နဲ့ ပိုင်ပိုင်နိုင်နိုင်ပြောဖို့က ခက်တယ်ပေါ့နော်၊ ဒါ့ကြောင့်မို့ တစ်ဦးချင်းရဲ့ ဒီဂျစ်တယ် လုံခြုံရေးအသိပညာကို မြှင့်နိုင်ဖို့လို့အပ်ပါတယ်"ဟု ဆိုသည်။

    ထို့ကြောင့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများမြှင့်တင်ရေး ဦးစားပေးလုပ်ဆောင်နေဆဲဖြစ်သည့်အပြင် ပြည်သူတို့အနေဖြင့် လူမှုကွန်ရက်ပေါ် နေ့စဉ်ဘဝ ကိစ္စများကို ချင့်ချိန်ယုံကြည်ရန်လည်း တိုက်တွန်းထားသည်။

    မြန်မာနိုင်ငံအတွင်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်ခံရမှုကြောင့် ပြည်သူအတွင်း နှစ်စဉ် ငွေကြေး ငါးဘီလီယံနှင့်အထက် ဆုံးရှုံးနေကြောင်းလည်း စစ်ကောင်စီအဖွဲ့တို့မှ ပြောဆိုထားပြီး မြေပြင်တွင် အဆိုပါပမာဏထက် ဆုံးရှုံးမှုပိုများနိုင်သည်ဟု ဒီဂျစ်တယ်အရေးလှုပ်ရှားသူတို့ သုံးသပ်ထားသည်။

    တရားမဝင်ပြည်ပနိုင်ငံသားဝင်ရောက်မှုကို နှိမ်နင်းနေပြီး၊ ငွေကြေးလိမ်လည်ခံရသည့် ပြည်သူတို့အတွက် တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးခြင်းမရှိသဖြင့် ပြည်သူတို့နစ်နာဆုံးရှုံးမှု များနေရခြင်းဖြစ်သည်။

    လက်ရှိ ပြည်သူတို့ရင်ဆိုင်နေရသည့် အွန်လိုင်းငွေလိမ်လည်မှုနှင့် မသင်္ကာဖွယ်လုံခြုံရေးကိစ္စများကို နွေဦးလုံခြုံရေး လူမှုကွန်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးနိုင်ကြောင်းလည်း ဒီဂျစ်တယ်အရေးလှုပ်ရှားသူတို့မှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks