spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့တို့ မြေပြင်တွင်ပြင်ဆင်ဆောင်ရွက်နေ

    ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့တို့ မြေပြင်တွင်ပြင်ဆင်ဆောင်ရွက်နေ

    -

    မွန်ပြည်နယ်တွင် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် လိုအပ်သည့်ပြင်ဆင်ဆောင်ရွက်မှုတို့ကို စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့တို့က  မြေပြင်တွင် စတင်ပြင်ဆင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတို့ထံမှ သိရသည်။

    လက်ရှိတွင် ရွေ့ပြောင်းအလုပ်သမားများအပါအဝင် အသက်၂၅ နှစ်ပြည့်သူတိုင်း မှတ်ပုံတင်မဖြစ်မနေပြုလုပ်ရန် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ညွှန်ကြားထားပြီး မြို့နယ်အလိုက် အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူဦးရေစာရင်းတို့ကို ကောက်ယူနေကြောင်းလည်း  အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတို့မှ သိရသည်။

    စစ်ကောင်စီ ဌာနဆိုင်ရာတို့မှ ရွေးကောက်ပွဲအတွက် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုတို့ကို အောက်တိုဘာလအတွင်း အပြီးသတ် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အီလက်ထရောနစ်မဲပေးစက်နှင့် မဲပေးနိုင်ရေး မဲရုံတာဝန်ရှိသူ ပညာရေးဝန်ထမ်းများကို မော်လမြိုင်မြို့၌ သင်တန်းပို့ချရန်ရှိသည်ဟုလည်း ရေးမြို့နယ်မှရပ်ကျေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “သူတို့ကမဖြစ်မနေလုပ်မှာပဲ၊ လဝက၊ထွေအုပ်တွေ၊ ရွေးကော်တွေကတော့ ၁၈ နှစ်ပြည့်တဲ့သူတွေ စာရင်းဘယ်လောက်လဲ အချင်းချင်းကိုက်ညီမှုရှိမရှိ စစ်တယ်။ နောက် အီလက်ထရောနစ်စနစ်နဲ့ မဲပေးရမယ်ဆိုတော့ သူတို့ မော်လမြိုင်မှာ ပညာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ရှိတယ်၊ လုပ်နည်းလုပ်ငန်းစဉ်တွေကို တစ်ဆင့်ပြန်ပို့ချခိုင်းမယ်”ဟု ၎င်းကပြောသည်။

    ထို့အပြင် ကျေးရွာအဆင့်တို့တွင်လည်း ရွေးကောက်ပွဲကျင်းပမည့်ရွာနှင့် လက်လွှတ်မည့်ရွာတို့ကိုလည်း အပြီးသတ်မှတ်ထားပြီးဖြစ်ကြောင်း ဆက်ပြောသည်။

    ကျင်းပမည့်ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့အပြင် တစ်မြို့နယ်လျှင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၁၀၀ နီးပါးခန့်အပ်ရန်ရှိကြောင်းလည်း သိရသည်။

    လတ်တလောတွင် UEC မှချမှတ်ထားသည့် ပါတီလုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီတို့ ဆောင်ရွက်နေပြီးဖြစ်သည့်အပြင် ပါတီအစုအဖွဲ့အချင်းချင်းကြား ဆွေးနွေးတွေ့ဆုံမှုတို့ လုပ်ဆောင်လာနေကြောင်း ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ PP မှ မွန်ပြည်နယ်တာဝန်ခံတစ်ဦးက ပြောသည်။

    "နိုင်ငံရေးပါတီအချင်းချင်းကြားမှာတော့ အကိုတို့ပါတီအနေနဲ့ တွေ့ဆုံတာကနည်းတယ်ထင်တယ်၊ ဒါပေမဲ့ အခု NSPNC ရဲ့ ပါတီအစုအဖွဲ့တွေမှာတော့ အကိုတို့ပါတီအနေနဲ့ ဦးဆောင်နေတာရှိတယ်၊ နိုင်ငံရေးပါတီအစုအဖွဲ့အချင်းချင်း တွေ့ဆုံဆွေးနွေးမှုတွေ များလာတာကိုလည်း တွေ့နေရပါတယ်"ဟု ဆိုသည်။

    ပြည်သူ့ပါတီ PP အနေဖြင့် မွန်ပြည်နယ်အတွင် သံဖြူဇရပ်၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ပါတီရုံးခန်းဖွင့်လှစ်ထားပြီးဖြစ်သည့်အပြင် မော်လမြိုင်နှင့် ချောင်းဆုံတို့တွင်လည်း ပါတီရုံးခန်းဆက်လက်ဖွင့်လှစ်သွားရန်ရှိကြောင်း ဆိုသည်။

    စစ်ရေး၊ နိုင်ငံရေးအခြေအနေများအရ မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်အနက် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ် နေရာအချို့နှင့် ရေးမြို့ပေါ်ရပ်ကွက်၊ ကျောင်းရွာအချို့တို့တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ချေရှိကြောင်း နိုင်ငံရေးပါတီတို့မှ သုံးသပ်ထားသည်။

    ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပရန် စစ်ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ မထုတ်ပြန်နိုင်သေးသည့်အပြင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး ကာလကိုလည်း သတ်မှတ်ထားခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks