စစ်ကောင်စီနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေသည့် မွန်၊ကရင်နယ်စပ်ဒေသတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ကင်းထောက်မှု၊ တိုက်ခိုက်မှုတို့ ယနေ့အထိ ပြုလုပ်နေပြီး အဆိုပါဒေသအတွင်းရှိ စာသင်ကျောင်းတို့ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာအတွင်းသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် တစ်နိုင်တစ်ပိုင်စာသင်ကျောင်းမှ ကလေးငယ် ၃ ဦးနှင့် ကျောင်းဆရာမတစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။
မိုးရာသီကာလအတွင်း မြေပြင်တွင် တိုက်ပွဲဖြစ်ပွားမှုနည်းလာသော်လည်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုတို့ ပိုမိုလုပ်ဆောင်လာနေကြောင်းလည်း မြေပြင်ရောက် တော်လှန်ရေးတပ်ဖွဲ့တို့က ဆိုသည်။
ထို့ကြောင့် ကော့ဘိန်း၊ ဓမ္မသ၊ တရနာ၊ကမ်းနီးဒေသအတွင်း ပညာသင်ယူနေသည့် ကျောင်းသားလူငယ်တို့ ကြိုတင်မခန့်မှန်းနိုင်သည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားတွင်ပညာသင်ကြားနေရသည်ဟု ကော့ဘိန်းဒေသမှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

“ကျောင်းက ဆရာ/မ တွေ ပြောတာကတော့ တိုက်ပွဲဖြစ်တာပဲဖြစ်ဖြစ်၊ ကျောင်းသူ/သားတွေ တစ်ခုခုဖြစ်သွားခဲ့ရင်တော့ သူတို့တာဝန်မယူနိုင်ဘူး။ ကျောင်းသွားတက်နေပေမဲ့လည်း ကလေးတွေကကလေးတွေရော ဆရာ/မတွေရော အကုန်လုံးကြောက်နေကြတာပဲ ” ဟုဆိုသည်။
ရာမညအင်စတီကျု RICE ၏ လစဉ်ဒေတာ အစီရင်ခံစာအရ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ ပြီးခဲ့သည့်မေလတွင် အကြိမ်ရေ ၇၀ ထက်မနည်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
စာသင်ကျောင်းတို့အတွင်း ကျောင်းသူ/သားတို့ကို လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်သည့် ပညာရပ်များ ပို့ချပေးရန် လိုအပ်လာပြီးဖြစ်ကြောင်း တရနာဒေသခံတစ်ဦးက ဆိုထားသည်။
“ကျွန်တော်တို့ရဲ့အမြင်ရဆိုရင် ကျောင်းမှာ သင်နေတဲ့ သင်ခန်းစာအပြင်ကို လေကြောင်းအန္တရာယ်နဲ့ပတ်သက်တဲ့အသိပညာတွေကို ကလေးတွေကို သင်ပေးသင့်တယ်။ အခုအချိန်ထိလျော့နေတုန်းပဲ။ ကိုယ်ရဲ့သားသမီးတွေ ကျောင်းသွားရင် လေယာဉ်သံတွေ ဗုံးအသံတွေ နားစွင့်ထားနော်။ ဖြစ်လာရင် ကျောင်းရဲ့ လုံခြုံတဲ့နေရာမှ ဝပ်နေဖို့ အဲ့လောက်တော့ မှာထားရတာပေါ့"ဟုဆိုသည်။
သို့သော် စစ်ကောင်စီတပ်ဖွဲ့တို့၏ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် ပြေးလွှားခွင့်ပင်မရရှိပဲ အသက်သေဆုံးနေရကြောင်း ဆိုသည်။
လူနေအဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းတို့ကို နသည့်နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီတို့၏ လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက မျက်ကွယ်ပြုထားသည့်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတို့က ဝေဖန်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင်လည်း ကမ်းနီးစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါဝင် အရပ်သား ၆ ဦးသေဆုံးသွားပြီး ၂၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့သည်။