spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ဦးခန့် သေဆုံးဟုဆို

    ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ဦးခန့် သေဆုံးဟုဆို

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ နွားခြံကုန်းနှင့် လေးတိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ဦးခန့် သေဆုံးကြောင်း Dawna Dragon တာဝန်ရှိသူတို့က ပြောသည်။

    ကျုံဒိုးမြို့အနီးရှိ နွားခြံကုန်းနှင့် လေးတိုင်ကျေးရွာဘက်ကို တပ်မ ၄၄ နှင့် တပ်မ ၅၅ တပ်ရင်းတို့မှ ပူးပေါင်း အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းသည် ကျုံဒိုးမြို့မှတစ်ဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

    စစ်ကောင်စီစစ်ကြောင်းကို ကျုံဒိုးဒေသတွင် လှုပ်ရှားနေသည့် Dawna Dragon တပ်ဖွဲ့အပါအဝင် ပူးပေါင်းတပ်တို့က လက်ဦးရယူ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက် ၄၀ ဦးခန့် သေဆုံးပြီး၊ ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု Dawna Dragon မှ ပြန်ကြားရေးတာဝန်ခံ စောအကျဲက ပြောသည်။

    “တပ်မ ၄၄ နဲ့ တပ်မ ၅၅ ပူးပေါင်းထားတဲ့ အောင်ဇေယျစစ်ကြောင်းက အဲနေ့(ဇွန်လ ၁၄ ရက်နေ့) က နွားခြံကုန်းနဲ့ လေးတိုင်ဘက်ကို တက်လာကြတယ်။ အဲဒီကနေတစ်ဆင့် သူတို့ဆုံးရှုံးထားတဲ့ နယ်မြေ တွေကို ပြန်လည်တိုက်ခိုက်ဖို့ တက်လာတာ ဖြစ်တယ်။ တပ်မနှစ်ခု ပေါင်းထားတဲ့အတွက် အင်အားက တော်တော်များတယ်။ ဒါပေမဲ့ သူတို့တက်လာတဲ့အချိန်မှာ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့ဘက်က လက်ဦးရယူ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ မြေပြင်နဲ့ရော ဝေဟင်နဲ့ရော တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ဘက်က ၄၀ နီးပါးလောက် သေဆုံးခဲ့တယ်လို့ မြေပြင်ကနေ သိရတယ်။ ဒဏ်ရာရသွားတဲ့လူတွေကို သူတို့ဆွဲထုတ်သွားတာ ၇ ယောက်လောက် ရှိတယ်” ဟု ၎င်းက ဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၅ ရက်နေ့ကမှ သေဆုံးသွားသည့် ရုပ်အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မော်တော်ယာဉ်ဖြင့် လာရောက်သယ်ယူသွားခဲ့ကြောင်း ဆိုသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ Y-12၊ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးအနားရှိ ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

    လက်ရှိတွင် ကျုံဒိုးအနီးအနားက ကျေးရွာဘက်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ထားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကလည်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။

    “လက်ရှိမှာလည်း ကျုံဒိုးအနီးအနားက ရွာတွေမှာ စစ်ကြောင်းတွေက ရှိနေဆဲပဲ။ ကျနော်တို့ဘက်ကို ဝင်လာနိုင်တဲ့အပေါက်တွေ အကုန်လုံးကို ပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။ ဒါကြောင့် သူတို့စစ်ကြောင်းတွေက ကျနော်တို့ဘက်ကို တက်မလာနိုင်ဘူး ဖြစ်နေတယ်” ဟု စောအကျဲက ဆက်ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့များရှိနေသည့်နေရာကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကျုံဒိုးကနေ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်နေသည်ဟုလည်း ဆိုသည်။

    ပြီးခဲ့သည့် ဧပြီလလယ်ခန့်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သည့် ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းလျက်ရှိသည်။

    ကျုံဒိုးအနီးအနားရှိ စစ်ကောင်စီစစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပျံလွှားစစ်ကြောင်း၊ Lion Battlion စစ်ကြောင်း၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks