နိုင်ငံတစ်ဝှမ်း တစ်ပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ဦးထပ်မံတွေ့ရှိခဲ့သည့်အနက် မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူ ၂၄ ဦးရှိနေပြီး တစ်ပတ်အတွင်း ကူးစက်ခံရမှုအများဆုံးဖြစ်နေကြောင်း စစ်ကောင်စီ ကျန်းမားရေးဝန်ကြီးဌာနမှ ဇွန် ၁၇ ရက် ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ဇွန် ၈ ရက်နေ့မှ ဇွန် ၁၅ ရက်နေ့အထိ တပတ်အတွင်း ဓါတ်ခွဲနာမူနာစုစုပေါင်း ၂,၂၈၅ ခုအား စစ်ဆေးခဲ့ရာ မွန်ပြည်နယ်မှ ၂၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၇ ဦးစုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၅၂ ဦး ကို တွေ့ရှိခဲ့သည်။
မွန်ပြည်နယ်မှ တစ်ပတ်အတွင်း အတည်ပြုလူနာတို့သည် ဘီးလင်းမြို့နယ်မှ ၂၃ ဦးနှင့် ကျိုက်ထိုမြို့နယ်မှ ၁ ဦးတို့ဖြစ်သည်။
ပိုးတွေ့ရှိမှုနှုန်းသည် ယခုတစ်ပတ်အတွင်း၂ ဒသမ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယခင်ဇွန်လ ပထမအပတ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးမြင့်တက်နေသည်ဟု သိရသည်။
အဆိုပါပိုးတွေ့ရှိသူတို့တွင် ရောဂါပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရသည့်လူနာအပြင် သေဆုံးမှုလူနာတို့လည်း မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိမွန်ပြည်နယ်တွင်း ကိုဗစ်ကူးစက်ခံရသူတို့ကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် သီးသန့်အဆောင်ထားရှိကာ ဆေးဝါးကုသမှုပေးနေကြောင်းနှင့် လူနာအားလုံးကျန်မားရေးကောင်မွန်ကြောင်း စစ်ကောင်စီကျန်းမာရေးဌာနနှင့် နီးစပ်သူတို့ထံမှ သိရသည်။
ထို့အပြင် အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် COVID-19 ထပ်ဆောင်းကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ကူးစက်မှုအန္တရာယ်စိုးရိမ်ရသည့်အခြေနေသို့ မရောက်ရှိသေးသော်လည်း တစ်ကိုယ်ရေကာကွယ်မှုနည်းလမ်းများကို ဆက်လက်လိုက်နာရန်နှင့် ကာကွယ်ဆေးထိုးနှမှုခံယူရန် တိုက်တွန်းထားသည်။
သို့သော်မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရမှုနှင့် ပတ်သတ်၍ စစ်ကောင်စီပြည်နယ်ကျန်းမာရေးဌာနတို့မှ တစ်စုံတစ်ရာ သီးသန့် ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။
