spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည် တော်လှန်ရေးအစိုးရတရပ် ဖွဲ့စည်းနိုင်ရေး MSFC ညီလာခံ သဘာပတိ တိုက်တွန်း

    မွန်ပြည် တော်လှန်ရေးအစိုးရတရပ် ဖွဲ့စည်းနိုင်ရေး MSFC ညီလာခံ သဘာပတိ တိုက်တွန်း

    -

    စနစ်ကောင်းတခုကို အစားထိုးနိုင်မည့် မွန်ပြည် တော်လှန်ရေးအစိုးရတရပ်ကို မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများဖြင့် ကြိုတင် ပြင်ဆင် ဖွဲ့စည်းထားဖို့ လိုအပ်ကြောင်း တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ညီလာခံသဘာပတိဖြစ်သူ နိုင်ကောင်းရွက်က တိုက်တွန်းလိုက်သည်။

    ထိုသို့ ဖွဲ့စည်းမည့် မွန်ပြည် တော်လှန်ရေးအစိုးရတွင် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင် ၃ ရပ်ဖြင့် ဖွဲ့စည်းပုံဖော်ဖို့လိုအပ်သည့်အပြင် အခြား ပြည်သူ့ဝန်ဆောင်မှုများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးစနစ်များကိုလည်း ထည့်သွင်းဖွဲ့စည်းထားဖို့ လိုအပ်သည်ဟု ဆိုသည်။

    “ကျနော်တို့ အခွင့်အရေးကို သူများတွေ သတ်မှတ်ပေးရမှာမဟုတ်သလို နတ်မင်းကြီးတွေ ဖန်ဆင်းပေးလို့လည်း မရဘူး၊ ကိုယ့်အခွင့်အရေးကို ကျနော်တို့ကိုယ်တိုင်ကပဲ ဖန်တီး လုပ်ယူရမှာဖြစ်တယ်” ဟု နိုင်ကောင်းရွက်က ပြောသည်။

    တစ်ဖက်တွင်လည်း အာဏာသိမ်းစဥ်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ ပျက်ပျယ်ပြီးဖြစ်၍ ထွက်ပေါက်အတွက် စစ်ကောင်စီကိုယ်တိုင် ကြိုးစားလျှက်ရှိနေသည့် ရွေးကောက်ပွဲကို အနှစ်သာရမရှိသည့် အတုအယောင် ရွေးကောက်ပွဲသာဖြစ်သည်ဟု ဆိုသည်။

    လက်ရှိအခြေအနေအရ မြို့နယ် (၁၀) မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် မွန်ပြည်နယ်ကို လုံးလောက်သည့် စစ်ရေး၊ နိုင်ငံရေး၊ လှုပ်ရှားမှု၊ နယ်မြေလွှမ်းခြုံမှုများ မလုပ်နိုင်ပါက ရှိရင်းစွဲ (၁၀) မြို့နယ်သည်လည်း တပါးသူလက်ထဲရောက်ရှိသွားနိုင်သည့်အတွက် မွန်တော်လှန်ရေးအင်အားစုများ အချင်းချင်း ညီညွတ်ကြရမည်ဟု ၎င်းက ဆက်ပြောသည်။

    ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာလည်း Bottom-up Federalism ကို အခြေခံပြီး ဖက်ဒရယ်ယူနစ်များအားလုံး သဘောတူသည့် Coming Together ပုံစံဖြင့် ဖွဲ့စည်းရမည်ဖြစ် ကြောင်း တတိယအကြိမ် MSFC ညီလာခံ၏ သဘာပတိ နိုင်ကောင်းရွက်က ပြောသည်။

    ထိုသို့ ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် နိုင်ငံရေး အာမခံချက်များကို ကြိုတင်ပြင်ဆင်၍ မျက်မှောက်ပြုနေသည့် အားလုံးရဲ့ဘုံးရန်သူ (အာဏာသိမ်းစစ်ကောင်စီ) ကိုလည်း တဆက်တည်း အတူတူတိုက်ထုတ် အမြစ်ဖြတ်ကြရမည်ဟု တတိယအကြိမ် MSFC ညီလာခံသို့ တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြားသည့်  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မင်းကိုနိုင်က ပြောဆိုသည်။

    “တချို့ ပြည်သူတွေ နားမလည်နိုင်တဲ့ဝေါဟာရတွေရှိတယ်၊ သူသွားချင်တာကတော့ ဖက်ဆစ်ကို မြန်မြန်ဖြုတ်ချင်တာတော့ တကယ့်အမှန်ပဲ၊ ဒါပေမယ့် နိုင်ငံရေးအင်အားစုတွေဘက်မှာလည်း ခိုင်မာတဲ့အကြောင်းပြချက်ရှိပါတယ်၊ ဒီအတိုင်းပဲ သွားလို့မရဘူး၊ အနာဂတ်ကို တခါတည်း ပြင်ဆင်သွားရမယ်ဆိုတဲ့ စဥ်းစားချက်တွေရှိတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ အဲဒီတော့ ဒီ့ထက်ပိုကောင်းတဲ့အနာဂတ်အတွက် အာမခံချက်တွေကို ကြိုတင်ပြင်ဆင်ပြီး တဆက်တည်းမှာ မျက်မှောက်ပြုနေတဲ့ အားလုံးရဲ့ဘုံးရန်သူကိုလည်း အတူတိုက်နိုင်တဲ့ အမြစ်ဖြတ်နိုင်တဲ့ ငါတို့ညီရင် အောင်ကိုအောင်နိုင်တယ်ဆိုတဲ့ သတင်းစကားမျိုး ပေးနိုင်ပါစေ” ဟု ဆိုသည်။

    လက်ရှိ တော်လှန်ရေးကာလအတွင်း နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့လုပ်ငန်းစဥ်များကို ထပ်မံချမှတ်သွားနိုင်ရန် တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ညီလာခံကို ဆက်လက်ကျင်းပလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks