spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ် ရင်းငြိမ်ရေထိန်းတံခါး၌ နုန်းအနည်းအနှစ်များ ပိတ်ဆို့နေမှုကြောင့် စိုက်ပျိုးထားသည့် မိုးစပါးပျက်စီး

    ပေါင်မြို့နယ် ရင်းငြိမ်ရေထိန်းတံခါး၌ နုန်းအနည်းအနှစ်များ ပိတ်ဆို့နေမှုကြောင့် စိုက်ပျိုးထားသည့် မိုးစပါးပျက်စီး

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ရွာရှိ ရင်းငြိမ်ရေထိန်းတံခါး အပြင်ဘက်တွင် နုန်းအနည်အနှစ်များ ပိတ်ဆို့နေပြီး ရေစီးရေလာမရှိသဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဧကသောင်းချီ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

    နွေစပါးစိုက်ပျိုးချိန်တွင် ရေလုံလောက်မှုရရှိစေရန် ရင်းငြိမ်ရေထိန်းတံခါး ပိတ်ချထားပြီး လက်ရှိတွင် ရေတံခါးအပြင်ဘက်ရှိ နုန်းအနည်အနှစ်များကို သက်ဆိုင်ရာတို့ ဖယ်ရှားရှင်းလင်းခြင်း မလုပ်ဆောင်သဖြင့် ရေစီးရေလာမရှိကြောင်း ပေါင်ဒေသခံတောင်သူတစ်ဦးက ဆိုသည်။

    “ရင်းငြိမ်ရေထိန်းတံခါးက ရေမဆင်းတာ ဘာကြောင့်လဲဆိုတော့ ပင်လယ်ဘက်ကဒီရေတက်တဲ့အခါ ပါလာတဲ့နုန်းတွေနွံတွေအနည်ထိုင်ပီးတော့ရေဆင်းတဲ့လမ်းကိုပိတ်သွားတာ အခုတော့ မြေကလော်စက်တွေနဲတူးနေတယ် မိုးကဘယ်လောက်မှမရွာသေးဘူး ရေကအရမ်းကြီးနေတာ” ဟု ပြောသည်။

    ရင်းငြိမ်ရေထိန်းတံခါးမှ ပင်လယ်ထွက်ပေါက်အထိ ပိတ်ဆို့နေသော နုန်းအနည်အနှစ်များမှာ အရှည်အားဖြင့် ၇ မိုင်ခန့် ရှိပြီး ပင်လယ်ကြမ်းပြင်မှ အပေါ်ထိ ၁၆ ပေခန့်ရှိကြောင်း သိရသည်။

    ထို့ကြောင့် ပြီးခဲ့သည့် ဇွန်ပထမအပတ်မှစ၍ ဖြူဘ‌ကျေးရွာအပါဝင် ၊ ကတွန်ကျေးရွာ ၊ သဲကုန်း‌ကျေးရွာ ၊ ကျုံဟော်ကျေးရွာ အတွင်းရှိ စပါးစိုက်ဧက တစ်သောင်းကျော် ရေနစ်မြုပ်ခဲ့ရသည်။

    ရင်းငြိမ်ရေထိန်းတံခါး ရေစီးရေလာပြသနာကို တောင်သူတို့ နှစ်စဉ်နီးပါး ကြုံရလေ့ရှိသော်လည်း ယခင်အရပ်သားအစိုးရ လက်ထပ်ကပင် သက်ဆိုင်ရာတို့ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံတို့ကဆိုသည်။

    ထို့ကြောင့် စိုက်စရိတ်ကုန်ကျမှုများနေသည့် ယခုနှစ်မိုးစပါးရာသီတွင် တောင်သူတို့ ဆုံးရှုံးမှုများနေသည်။

    ပေါင်ဒေသခံတစ်ဦးက “ ဒီလေးငါးရွာက လယ်ဧက သောင်းချီပျက်စီးသွားတယ်။ တချို့လယ်သမားက နှစ်ပြန်ရှိနေပြီး ပျိုးထားတာနှစ်ခါလုံး ဆုံးရှုံးသွားတယ် တချို့လယ်သမားက ၂ဧက လုပ်ထားတာ ၁ဧကကို ၃ သိန်းခွဲကုန် ၂ဧကဆို ၇ သိန်းရှုံးနေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် တောင်သူတို့မှ ရေနစ်မြုပ်မှုပြဿနာကို သထုံခရိုင်ဆည်မြောင်းဦးစီးဌာနကို ဖြေရှင်းပေးရန် တောင်းဆိုထားသော်လည်း စက်ယန္တရားလိုအပ်ချက်ကြောင့် နုန်းမြေဖယ်ရှားရှင်းလင်းခြင်းကို မလုပ်ဆောင်နိုင်ဟု ပြောဆိုထားကြောင်း အထက်ပါဒေသခံက ဆိုသည်။

    ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းကြဲခင်းများ ပျက်ဆီးခြင်း၊ စိုက်ခင်းများတွင် ကြဲထားသော ဓါတ်မြေသြဇာများနှင့် ရွှေခရုသတ်ဆေးမျောပါခြင်း၊ ရေတော်မိုးတော်အချိန်မီမစိုက်ပျိုးနိုင်သည့်အတွက် စပါးအထွက်နှုန်းကျဆင်းခြင်း၊ ခရုများ၏ ဘေးအန္တရာယ်နှင့် ဆစ်ပိုးကျရောက်မည့် အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

    ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း လုပ်သားရှားပါးမှုပြဿနာကြောင့် လုပ်အားခဈေးနှုန်း ယမန်နှစ်ထက် နှစ်ဆအထိမြင့်တက်ပြီး နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးသူနည်းနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks