ကလေးများ စာသင်နေသည့်နေရာ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
ဇွန်လ ၉ ရက်နေ့ကပင် စစ်ကောင်စီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာတွင် ကလေးများကို စာသင်ကြားပေးနေသည့် နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသားကလေးငယ် ၃ ဦး၊ ဆရာမ ၁ ဦးနှင့် ဒေသခံ ၁ ဦး သေဆုံးသွားခဲ့သည့်အပြင် အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“အခုဆိုရင် ကလေးငယ်တွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုက တကယ့်ကို ဆိုးဝါးလှတဲ့ ပြစ်မှုဖြစ်ပါတယ်။ ကလေးငယ်တွေဆိုတာ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ အထူးကာကွယ်ပေးရမယ့် သူတွေဖြစ်တယ်။ စာသင်ကျောင်းတွေကို တိုက်ခိုက်ခြင်းက လူသားချင်းစာနာမှုအကူအညီကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်။ ဘာကြောင့်ဒီလိုလုပ်နေလဲ။ သူတို့လုပ်ဆောင်နေသမျှ အပြစ်ပေးအရေးယူမှုတွေ အားနည်းနေတယ်။ ဒါ့အပြင် ထောက်ပံ့မှုတွေ ရှိနေလို့ ဒါမျိုးကျူးလွန်တယ်လို့ ဆိုချင်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
စစ်ကောင်စီက စစ်ရေးအရ ကျရှုံးနေသော်လည်း နိုင်ငံအချို့က ကူညီထောက်ပံ့ပေးနေခြင်းကြောင့် လေကြောင်းသုံးပြီး ပြည်သူကို လက်ရဲဇက်ရဲ သတ်ဖြတ်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
အလားတူ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း၊ အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂၀ ကျော်နှင့် ဆရာမ ၂ ဦး သေဆုံးခဲ့သေးသည်။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းရှိ စာသင်ကျောင်းများ ၎င်းတို့ထိန်းချုပ်မှုအောက်တွင် မရှိသော ကိုယ်ထူကိုယ်ထစာသင်ကျောင်းများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
CDM ဗိုလ်မှူးတစ်ဦးက “သူတို့က ကျောင်းသားလား။ အရပ်သားလား ဘာမှ မခွဲပါဘူး။ သူတို့တွေးတာက NUG လက်အောက်၊ PDF အောက်ကဆို အကုန်အကြမ်းဖက်ပဲ။ အကြမ်းဖက်မှုကို အားပေးတယ်။ အကုန်ရှင်းရမယ်။ ချရမယ် ဒါမျိုးပဲ တွေးတယ်” ဟု ပြောသည်။
စစ်ကောင်စီ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်း ၆၀၀၀ ခန့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။
NUG ၏ ၂၀၂၅ အစီရင်ခံစာအရ တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်အတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၆၀၀၀ ခန့်မှ ပညာသင်ကြားနေသူ ၈ သိန်းကျော်ရှိပြီး ကျောင်းများ ပိတ်ထားရသည့်အတွက် ကလေး ၈ သိန်းကျော် ပညာသင်ခွင့် ဆုံးရှုံးခဲ့ရသည်။
“လက်ရှိကြားကာလ ပညာသင်ကျောင်းတွေကို ယာယီပိတ်ထားဖို့အတွက် မဖြစ်သာတဲ့အဆုံး ညွှန်ကြားရပါတယ်။ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို ပိုမိုပြီး ကျူးလွန်တာတင်မကဘဲ စာသင်ကျောင်းတွေကို ပိုမိုပစ်မှတ်ထားလာတာတွေ့ရတယ်။ သူတို့ရဲ့ ရက်စက်မှုကြောင့် အပြစ်မဲ့ ကလေးသူငယ်တွေ သေဆုံးတာ ကျွန်တော်တို့ မဖြစ်ချင်ပါဘူး။ စာသင်တယ်ဆိုတာအပြစ်လား။ စာသင်ကျောင်းတွေကို တိုက်ခိုက်တာက နိုင်ငံတကာရာဇဝတ်မှုဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
ကလေးများ စာသင်ကြားနေသည့်နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက မျက်ကွယ်ပြုထားသည့်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတို့က ဝေဖန်လျက်ရှိသည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများအပြင် ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အဦးများနှင့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာနေရာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲတိုက်ခိုက်ခြင်းအပေါ်ကရင်အမျိုးသားအစည်းအရုံး KNU က ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။