မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြှောက်တပ် ၃၁၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို NMSP-AD က နံနက် ၅ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တစ်နာနာရီဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ဒီတစ်ခါတိုက်ပွဲက အရင်တိုက်ပွဲတွေထက် ပိုပြင်းထန်တယ်။ ဒီဘက်မှာ ဖြစ်တဲ့ တိုက်ပွဲတွေက ဒါအပြင်းထန်ဆုံးလို့ပဲ ထင်တယ်။ တစ်နာရီလောက် အပြန်အလှန်ပစ်ခတ်ကြတယ်။ ကျန်တာဘာမှ အတိအကျမသိသေးဘူ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှု မရှိတော့သော်လည်း စစ်ကောင်စီတပ်ဝင်များ တပ်စွဲထားသည့် မုဒုံ- သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ဆေးမှု ပြုလုပ်နေသည့်အတွက် ဒေသခံများ ဖြတ်သန်းသွားလာရေး စိုးရိမ်မှုများရှိနေသည်ဟု ဆိုသည်။
ရောင်းဒေါင်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ထိခိုက်သေဆုံးမှုအခြေအနေကို သိရှိနိုင်ရန်အတွက် NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းလျက်ရှိပြီး အသေးစိတ်ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။
မုဒုံ-သံဖြူဇရပ်လမ်းပိုင်း အထူးသဖြင့် နှီးပဒေါ၊ ရောင်းဒေါင်း၊ ကွမ်လှာရွာတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲထားသည့်အတွက် ဒေသတွင်းလှုပ်ရှားနေသည့် NMSP-AD နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း ရောင်းဒေါင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို NMSP-AD က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁ ဦး သေဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို NMSP-AD ဘက်ကလည်း တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။