KNU ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေးနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ အမိုနယ်စပ်(သို့)ပွိုင့် ၂၅၆၆ စစ်ကောင်စီ ရှေ့တန်းစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ ဦးဆောင်မှုနှင့်အတူ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ကသိမ်းပိုက်ရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်မှထုတ်ပြန်ထားသည်။
ပွိုင့် ၂၅၆၆ ထိုင်း-မြန်မာနယ်စပ်စခန်း ခလရ ၂၅ ကို ပြီးခဲ့သည့် ဇွန်လ ၈ ရက် နေ့ကပင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ဇွန်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတပ်စခန်းတွင် စစ်ကောင်စီ အင်အား ၄၀ ခန့်ရှိနေပြီး၊ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့တို့က လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာကပြောသည်။

“ ကျနော်တို့သိမ်းတဲ့အချိန်မှာ သူတို့ အကုန်လုံးထွက်ပြေးတယ်၊ လက်နက်တွေလည်းယူဆောင်သွားတယ်၊ များသောအားဖြင့် ထွက်ပြေးတာက ထိုင်းကိုထွက်ပြေးတယ်၊ ဒဏ်ရာရသူတွေရှိတယ် စခန်းမှာတော့အလောင်း ၁ လောင်းပဲတွေ့တယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အတိအကျမသိရသေးကြောင်းနှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိထားကြောင်း ပဒိုစောအယ်နာက ဆက်ပြောသည်။
အဆိုပါ အမိုစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၊ဒရုန်းတပ်ဖွဲ့ KDSF၊ မဟာမိတ်တပ်များဖြစ်သည့် TPLF၊ FFD Drone နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်မေလတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထနှင့် ထီးခီးနယ်စပ်စခန်းကို KNU/KNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှသိမ်းပိုက်ရရှိခဲ့ပြီး ဦးဆောင်လည်ပတ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ရာ ၂၀၂၄ ဒီဇင်ဘာလအထိ မာနယ်ပလောဌာနချုပ်ဟောင်းကိုပြန်သိမ်းနိုင်ခဲ့သည့်အပြင် တပ်မဟာ (၇)မှ တပ်စခန်းအများစုတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
အလားတူ KNU နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့သည့် ဒူပလာယာခရိုင်ရှိ တပ်စခန်းအချို့တို့ စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည့် အခြေအနေတို့လည်း ရှိနေသည်။