spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းမိုးစပါးလုပ်သားရှားပါးပြီး လုပ်အားခဈေးမြင့်တက်

    မိုးစပါးလုပ်သားရှားပါးပြီး လုပ်အားခဈေးမြင့်တက်

    -

    မွန်ပြည်နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း လုပ်သားရှားပါးမှုပြဿနာ ထပ်မံရင်ဆိုင်နေရပြီး လုပ်အားခဈေးနှုန်း ယမန်နှစ်ထက်နှစ်ဆအထိ မြင့်တက်နေကြောင်း စပါးစိုက်တောင်သူတို့မှသိရသည်။

    ယမန်နှစ်တွင် မိုးစပါးစိုက်လယ်လုပ်သားတစ်ဦး တစ်ရက်လျှင်  ကျပ် ၁ သောင်းခွဲဟု  သတ်မှတ်ထားရာ လက်ရှိ မိုးစပါးရာသီအတွင်း လုပ်သားခေါ်ယူမှု အခက်အခဲကြောင့် စားစရိတ်ငြိမ်းဖြင့် ကျပ်နှစ်သောင်းခွဲအထိ ဈေးမြင့်တက်နေပြီး စပါးစိုက်တောင်သူတို့ လုပ်သားခေါ်ယူရန် အခက်ခဲရှိနေသည်။

    ထို့ကြောင့် တောင်သူအများစု အလုပ်သမားမငှားရမ်းတော့ဘဲ ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးနေကြရကြောင်းလည်း သိရသည်။

    “အခုက စပါးတစ်တင်းက ၁သောင်းခွဲကျော်ပဲ ရတယ်။ လုပ်ခက ၂ သောင်းခွဲဆိုတော့ ငှါးဖို့က မတတ်နိုင်ဘူး။ လုပ်သားတွေကလည်း ရှာရခက်တယ်။ အဲကြောင့် ဒီနှစ်မှာမငှါးနိုင်လို့ အခုလင်မယားနှစ်ယောက်ပဲ ၆၀ ဧကလောက်ရှိတဲ့လယ်ကို ကိုယ်တိုင်လုပ်နေတယ်” ဟု မုဒုံမြို့နယ်ရှိ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

    မဖြစ်မနေ အလုပ်သမားငှားရမ်းရသည့် တောင်သူတို့အနေဖြင့် မိမိတို့နှင့် နီးစပ်ရာတောင်သူတို့မှ ငှါးရမ်းထားသည့် အလုပ်သမားများနှင့် ချိတ်ဆက်ကာ အလှည့်ကျ ငှါးရမ်းနေရကြောင်း ဆက်ပြောသည်။

    စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှု ရွေ့ပြောင်းလုပ်သားဝင်ရောက်မှု သိသိသာကျဆင်းနေပြီး လယ်ယာလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် အခြားရေလုပ်ငန်းတို့တွင် အလုပ်သမားရှားပါးမှုပြဿနာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးထွားလာနေသည်။

    ယမန်နှစ်က မိုးစပါးရာသီတွင် အထွက်နှုန်းနည်း၍ အကျိုးအမြတ်ရရှိမှုနည်းခဲ့သည့် ယတောင်သူတို့ သွင်းအားစုစရိတ်အတွက် အခက်အခဲများစွာရှိနေသည်။

     “ဒီနှစ်နွေရာသီမှာ ပုလဲဓာတ်မြေဩဇာတစ်အိတ် ၁ သိန်းနဲ့ ၂သောင်းလောက်ရှိတယ်။ အခုက ၁ သိန်း ၄ သောင်းအထိဖြစ်သွားတယ်။ ပြီးတော့ အခုက အကုန်ဈေးတက်နေတော့ အခက်အခဲတွေအများကြီးဖြစ်တယ်။ မနှစ်ကရတဲ့ အမြတ်ကလည်း မများနေတော့ ဒီနှစ်ရင်းဖို့က အခက်အခဲများတယ်” ဟု ကျိုက်မရောမြို့နယ်ရှိ တောင်သူတစ်ဦးက ပြောသည်။

     အလုပ်သမားရှားပါးမှု၊ ဈေးနှုန်းမြင့်တက်မှု၊ နယ်မြေမတည်ငြိမ်မှုများကြောင့် အချို့မိုးစပါးစိုက်တောင်သူတို့ အကျိုးအမြတ်ရရှိရန်မသေချာသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်မှု ရပ်နားထားရသည်ဟု သိရသည်။

     စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းရှိ ကျွမ်းကျင်လုပ်သားများ ပြည်ပသို့ ထွက်ခွာမှုများလာခြင်းနှင့်၊ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ စစ်ဆေးရေး တင်းကျပ်မှုများကြောင့် အခြားဒေသများမှ လာရောက်လုပ်ကိုင်သူများ မရှိသောအခြေအနေများ ဖြစ်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts