အတွေးအမြင်၊ လဝီဝမ်
‘မြင်းတွေက ခုန်ပေါက်ရမှ အစာကြေသလို သတင်းထောက်ကလည်း ခရီးထွက်ရမှ အစာကြေတယ်’ ဆိုပြီး ကျနော်က ကိုယ့်ကိုယ်ကို မြင်းနဲ့နှိုင်းပြီး အရင်တုန်းက သတင်းရေးဖို့အတွက် ခရီးတွေ အများကြီး ထွက်ခဲ့တယ်၊ တစ်လ, တစ်ခါ ဒါမှမဟုတ် တစ်ခါတစ်လေ တစ်လ,မှာ ၂ ခါတောင် သွားဖြစ်တဲ့ လ,တွေရှိခဲ့ဖူးတယ်။
ခရီးထွက်မယ်ဆိုရင် ရုံးက သတင်းထောက်နဲ့ ဓာတ်ပုံဆရာအတွက် ခရီးစရိတ် ထုတ်ပေးသလို စားဖို့ သောက်ဖို့ တစ်ရက်လျင် တစ်ယောက်ကို မြန်မာကျပ်ငွေ ၁ သောင်းလည်း ထုတ်ပေးတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကချင်တိုင်းရင်းသူ ‘ဆရာမဒေါ်ခွန်ဂျာ’ ကလည်း တစ်ခါတစ်လေ ခရီးစရိတ် ထုတ်ပေးတာလည်း ရှိတယ်။ ကျနော်က ရှမ်းမြောက် သို့မဟုတ် ကချင်ဘက်ကို သွားမယ်လို့ သူ့ကို ပြောပြရင် သူက ခရီးစရိတ်ထုတ်ပေးတာရှိတယ်။
ကျနော်တို့ ခရီးထွက်ကြတော့ ပျော်စရာပါ။ ဒါပေမဲ့ ဒီခရီးစဉ်ကနေ ဘာသတင်းရေးမှာလဲ၊ သတင်း အပုဒ်ပေါင်း ဘယ်နှစ်ပုဒ် ရေးမှာလဲ ဆိုတာကိုလည်း ကိုယ့်ရဲ့ သတင်းအယ်ဒီတာကို ပြောပြဖို့လည်း လိုတာပေါ့။ အယ်ဒီတာက ကျနော်ခရီးစဉ် အများစုကို ကျေနပ်တာ များပါတယ်။ ကျနော် သတင်းအပုဒ်ပေါင်းများစွာ ရေးနိုင်ခဲ့တယ်၊ ရေးတဲ့ သတင်းတွေကလည်း ပြောမယ်ဆိုရင် အရည်အသွေးရှိတယ်ပေါ့။ ကျနော့်ကို စာဖတ်ပရိသတ်အများအပြား သိလာရတဲ့ အကြောင်းအရင်းကလည်း ကျနော်ရေးလိုက်တဲ့ ခရီးသွား ဆောင်းပါးတွေထဲက အကြောင်းအရာတွေကြောင့်ပါ။ ဒီနေ့တော့ ကျနော် သွားဖြစ်ခဲ့တဲ့ သတင်းခရီးစဉ် အများကြီးထဲက “ကရင်နီပြည် အနောက်ပတောင်ဘိန်းစိုက်ခင်း” တွေဆီ သွားရောက်ပြီး သတင်းယူ ရေးသားခဲ့တဲ့ အကြောင်း ပြောပြချင်တာပါ။

သတင်းထောက်တစ်ယောက် ဘိန်းစိုက်ခင်းထဲ ရောက်သွားဖို့က အင်မတန်ခက်ခဲသလို ချိတ်ဆက်ထားတဲ့ အသိမိတ်ဆွေရဲ့ အကူညီမပါဘဲနဲ့ ဒီလို အနောက်ပတောင်ဘိန်းစိုက်ခင်းထဲရောက်ဖို့က မလွယ်ပါဘူး။ ဒီခရီးစဉ် မစခင်…၊ ချင်းမိုင်းမှာ အတူသင်တန်းကျောင်းတက်ခဲ့တဲ့ ‘အက်တနာရှိုး’ နဲ့ ချိတ်ပြီး သူကိုယ်တိုင် ကူညီမယ်လို့ ပြောတဲ့အတွက် ဒီခရီးစဉ်သွားဖြစ်ခဲ့တာပါ။ သူက ၂၀၀၈ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲကို အခြားကရင်နီလူငယ်တွေနဲ့အတူ သပိတ်မှောက် ဆန့်ကျင်ခဲ့လို့ စစ်တပ်က သူ့ကို ဖမ်းဆီးဖို့ကြိုးစားရာ သူက အဲဒီဘိန်းခင်းဒေသမှာပဲ ပုန်းခိုခဲ့ရဖူးတယ်လို့ ပြောပြတယ်။ အဲဒါနဲ့ ဘိန်းခင်းထဲသွားရောက် သတင်းယူဖို့ကိစ္စက သူကိုယ်တိုင်ပါဝင်နေတော့ ပိုပြီး အဆင်ပြေသွားတယ်။
ဘိန်းခင်းတစ်ခုထဲရောက်သွားပြီးနောက် ကျနော်တို့ဟာ တဲတစ်ခုထဲ ဝင်သွားကြတယ်။ ဘိန်းခင်းတဲပိုင်ရှင်က အမျိုးသမီး ဖြစ်တော့ သူက ကျနော်တို့ကို ကြိုဆိုတဲ့အနေနဲ့ “လာထိုင်ကြပါ” တဲ့။ အဲသလို ပြောပြီး ချက်ချင်းပဲ တဲအတွင်းက ခေါင်ရေအိုးကို မသယ်လာတယ်။ “သောက်ကြပါ၊ တောမှာဆိုတော့ စားစရာ အများကြီးမရှိဘူး၊ အားနားပါတယ်၊ ရှိတဲ့ဟာနဲ့ သောက်ကြနော်” တဲ့။ အမျိုးသမီးကြီးက ကျနော်ခေါ်သွားတဲ့ နိုင်ငံခြားသား ‘ဗလ’ (နာမည်လွဲ) ကို ကြိုက်တယ်တဲ့။ မျိုးဆက်ချင်တယ်တဲ့။ တစ်ညအိပ်မယ်တဲ့။
ခေါင်ရေအိုးကို မြေကြီးပေါ်ချ၊ ကျနော်တို့တစ်တွေ တနင့်တပိုး သောက်ကြတယ်။ တစ်ယောက်တစ်လှည့်စီပေါ့။ အဲဒီလိုသောက်နေရင်းနဲ့ ကျနော်က ‘ဗလ’ ကို ပြောလိုက်တယ်။ “ဟေ့လူ အမျိုးသမီးကြီးက နင်နဲ့ အိပ်ချင်တယ်” တဲ့။ ‘ဗလ’ က ဘာပြန်ပြောသလဲဆိုတော့ “ရတာပေါ့”တဲ့။ ကျနော်က စကားပြန်အနေနဲ့ ‘ရတယ်’ လို့ အမျိုးသမီးကြီးကို ပြန်ပြောလိုက်တယ်။ ပြီးတော့ ကျနော်တို့တစ်တွေ ရယ်ကြတာပေါ့။ ‘ဗလ’ နဲ့ အမျိုးသမီးကြီး အတူထိုင်ကြတယ်။ အမျိုးသမီးကြီးက ‘ဗလ’ လက်ကို ကိုင်တယ်။ ‘ဗလ’ က ခပ်တည်တည် ပါပဲ၊ ဒါပေမဲ့ ပြုံးနေတာကို ကျနော် သတိထားမိတယ်။
ကျနော်တို့တစ်တွေ ခေါင်ရေတစ်အိုး ကုန်အောင်သောက်ပြီးနောက် ခရီးဆက်ကြဖို့ ပြင်ဆင်ရတယ်။ အမျိုးသမီးကြီးကို နှုတ်ဆက်တော့ လက်ဆောင်အနေနဲ့ ‘ဗလ’ ကို သူ့တဲထဲက ခြံထွက်ဘိန်းစိမ်းတစ်တုံး ပေးလိုက်တယ်။ ‘ဗလ’ ကတော့ ပြုံးပြုံးလေးနဲ့ အမျိုးသမီးကြီးနဲ့အတူ ဓာတ်ပုံရိုက်ခံပြီး ကျေးဇူးတင်စကား ပြောကြတယ်။ လက်ဆောင်အနေနဲ့ ‘ဗလ’ ရလိုက်တဲ့ ဘိန်းစိမ်းက ၅၀ ကျပ်သားလောက်ရှိမယ် ထင်တယ်။
ဘိန်းက မူးယစ်စေတတ်တာကြောင့် မကောင်းဘူးလို့ လူတွေက သတ်မှတ်ကြတယ်။ ဒါပေမဲ့ ဘိန်းခင်းထဲက ပန်းတွေကျတော့ အရမ်းလှတယ်။ တောင်တန်းနဲ့ ဘိန်းခင်း၊ ပြီးတော့ ဘိန်းခင်းနဲ့ ကောင်းကင်ကို တွဲစပ် ကြည့်လိုက်ရင် စိတ်ထဲမှာ အရမ်းလှ အရမ်းစွဲမက်စရာ သဘာဝအလှတစ်ခုပါပဲ။ ကိုယ့်ချစ်သူနဲ့ နှစ်ဦးသား ဒီလိုသာယာလှပတဲ့ ဘိန်းခင်းထဲမှာ နေရရင် ဘယ်လောက်ကောင်းမလဲ လို့တောင် စိတ်ကူးယဉ်မိပါသေးတယ်။
ကျနော်ကို ဓာတ်ပုံလှလှလေးရိုက်ပေးပါလားလို့ ကျနော် ‘ဗလ’ ကို တောင်းဆိုလိုက်တယ်။ သူကလည်း အလှကြိုက်တဲ့သူ ဆိုတော့ သူ့အတွက်လည်း ကျနော်က ဓာတ်ပုံရိုက်ပေးလိုက်တယ်။ ကျနော်တို့ ဘိန်းခင်းတွေ တစ်ခုပြီးတစ်ခု သွားရောက်ခဲ့ကြတယ်။ တစ်ချို့ ဘိန်းခင်းတွေက လူတွေကျတော့ ကျနော်တို့ကို မြင်တာနဲ့ စိုးရိမ်ထိန်လန့်ဖြစ်ကြတယ်။ ဒါပေမဲ့ ‘အက်တနာရှိုး’ ပါနေတော့ စကားတော့ ပြန်ပြောကြပါတယ်။
‘အယ်တနားရှိုး’ မှာ ပါလာတာက ငါးတွေ ဖြစ်တယ်။ ၅ ပိဿာလောက် လယ်တောထဲက ငါးတွေဝယ်လာပြီး ဘိန်းခင်းထဲက သူ့အသိတွေကို ဝေပေးတယ်။ ဘိန်ခင်းက လူတွေလည်း သူ့ကို ဟင်းသီးဟင်းရွတ်တွေ ပြန်ပေးတယ်။ ဘိန်းခင်းတစ်ခုထဲက မုန်းညှင်းပင်ဆိုရင် အပင်ကြီးလို ဖြစ်နေတာ သတိထားမိတယ်။ ရွှေဖရုံသီး တစ်လုံးဆိုရင် ကားပေါ်တင်ဖို့က မနည်းသယ်ရတယ်။ ဘိန်းခင်းကလူတွေအများစုက ကရင်နီစကားပဲ ပြောဆိုကြပြီး ဗမာစကားနည်းနည်းပဲ ပြောတတ်ကြတယ်။ အားလုံးကတော့ ခင်ဖို့ ကောင်းပါတယ်။
အပြန်လမ်းမှာတော့ မိုးကလည်း ချုပ်ခါနီးနေမို့ တစ်နေရာမှာ ခဏနားလိုက်သေးတယ်။ နားတယ်ဆိုတော့ ကားပေါ်ကနေဆင်းပြီး လမ်းဘေးက အိမ်တစ်အိမ်ထဲ ဝင်ထိုင်လိုက်တယ်။ ဖြစ်ပုံကလည်း ‘ဗလ’ ကို မြင်လိုက် တဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်ကလည်း ‘ဗလ’ ကို ချစ်ကြိုက်ပြန်တယ်။ ‘ဗလ’ က နိုင်ငံခြားသားမို့ ချစ်ခင်တဲ့ အမျိုးသမီးတွေက ပေါတာဖြစ်မယ် လို့ စိတ်ထဲမှာ မနာလို ဝန်တိုဖြစ်နေမိသေးတယ်။
မိုးအရမ်းချုပ်လို့ နောက်ကျသွားရင် မကောင်းဘူး လို့ ‘ဗလ’ ကို ပြောပြီး ကားမထွက်ခင်မှာ အမျိုးသမီးက ‘ဗလ’ အတွက် သစ်သားနဲ့ လုပ်ထားတဲ့ ခေါင်ရေသောက်ခွက်တစ်လုံး လက်ဆောင်အဖြစ်ပေးလိုက်တယ်။ ‘ဗလ’ ကတော့ ပြုံးပြုုံးလေးနဲ့ ကျေးဇူးတင်စကားပြောပြီး ခရီးဆက်ကြတယ်။
ကျနော်လည်း ဘိန်းခင်းကနေ မိတ်ဆွေ ကင်ဆာရောဂါသည် တစ်ဦးအတွက် ဘိန်းစိမ်း ကျပ် ၁ သောင်းဖိုး ဝယ်လာခဲ့တယ်။ ကျနော်တို့ ဖယ်ခုံဟိုတယ်တစ်ခုမှာ တည်းခိုပြီး ရန်ကုန်ပြန်ချိန်ပြင်ဆင်တဲ့အခါကျတော့ ကျနော်ဝယ်လာတဲ့ ဘိန်းစိမ်းကို ဘယ်မှာ ဝှက်ထားရမလဲဆိုတာ နေရာရှာမရဖြစ်လာတယ်။ ကျနော် ကြောက်စိတ် အများကြီးဝင်လာပြီး ရဲက ဒီဘိန်းစိမ်းကို တွေ့လို့ ကင်ဆာရောဂါသည်အတွက် ဆေးဝါးအနေနဲ့ သုံးမှာလို့ ရှင်းပြရင်ရော ရဲက ယုံမှာတဲ့လား။ ကျနော် စိုးရိမ်စိတ် ဖြစ်လာတယ်။
ဒါနဲ့ ကျနော်ဟာ ‘ဗလ’ ရဲ့ အခန်းကို သွားပြီး “ငါ့ ဘိန်စိမ်းကိုလည်း မင်း လုံအောင်သိမ်းပေးပါဦး၊ ငါ ကြောက်လို့” လို့ သူ့ကို ပြောလိုက်တယ်။ ‘ဗလ’ ကတော့ သူ့မှာရှိတဲ့ ပစ္စည်းပစ္စယတွေနဲ့ ကျနော် ပေးလိုက်တဲ့ ဘိန်းစိမ်းကို ဘယ်လိုဝှက်ယူလာတာလဲတော့ မသိ၊ ကျနော်တို့ ဖယ်ခုံကားဂိတ်သို့ ပြန်ဖို့ သွားကြတယ်။ ကြောက်နေပါတယ် ဆိုမှ ဘတ်စကားပေါ်တက်ဖို့ လုပ်နေချိန်မှာပဲ ရဲ ၅ ယောက်က ခရီးသည်အားလုံးကို ဘတ်စကားရဲ့ တံခါးဝမှာ စစ်ဆေးနေပါရော။ တခြားခရီးသည်တွေနဲ့အတူ တန်းစီပြီး ကျနော်နဲ့ ‘ဗလ’ တို့လည်း ရဲတွေရဲ့ စစ်ဆေးမှု ခံယူရတယ်။ ကျနော်အိတ်ကို ရဲက စစ်ကြည့်တယ်။ “ကျနော်တို့ ၂ ယောက်က သတင်းထောက်တွေပါ” လို့ ပြောလိုက်တယ်။ ကျနော့် အိတ်ထဲကတော့ ဘာမှ မတွေ့ပါဘူး။ ‘ဗလ’ အလှည့်ရောက်တော့ ရဲက သူ့အိတ်ကို ဖွင့်တောင် မကြည့်လိုက်ဘူး။ တဒုန်းဒုန်းခုန်နေတဲ့ နှလုံးသားက ဘတ်စကားပေါ်ရောက်တော့မှပဲ ‘ဟင်း ကနဲ’ ချ စိတ်အေးရတော့တယ်။ ဘိန်းစိမ်းကို တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဘူးတော့ ဘယ်လိုသုံးရသလဲ ဆိုတာတောင် မသိပါဘူး။
ရန်ကုန်ကို ပြန်ရောက်တော့ သောကြာနေ့ညနေပိုင်းတွေမှာ သတင်းထောက်တွေက အပြင်ထွက် ဝိုင်းဖွဲ့ သောက်ကြလေ့ရှိတာမို့ ‘ဗလ’ က သူ့ဘိန်းစိမ်းနည်းနည်း ယူလာတယ်။ ဆေးပေါ့လိပ်ထဲက ဆေးတွေကို ထုတ်၊ ဘိန်းစိမ်းနဲ့ ရောနှောပြီး ကျနော်တို့ ဆေးလိပ်ကို တစ်လှည့်သောက်ကြတယ်။ သောက်ပြီး ရီဝေဝေ ခံစားရတယ်ပေါ့။ ဒီလိုနဲ့ ကျနော်တို့ သတင်းထောက်တွေ သောကြာ ၃ ခါတွေ့ဆုံပြီး ဘိန်းစိမ်းနဲ့ ဆေးပေါ့လိပ် ရောနှောသောက်ကြတယ်။ နောက်ကျတော့ ဒါကို အရသာမတွေ့လို့ ‘ဗလ’ က တခြားသူ့အသိကို ပေးလိုက်သတဲ့။
ကျနော်ဝယ်လာတဲ့ ဘိန်းစိမ်းကျတော့ ရွာက မိတ်ဆွေတစ်ဦး၊ သူ့ယောက္ခမက ကင်ဆာရောဂါနဲ့ ခွဲစိတ်ခံထား ရလို့ ဒဏ်ရာအနာသက်သာအောင် အသုံးပြုဖို့ ကျနော့်ဆီ လာတောင်းလို့ ပေးလိုက်ပါတယ်။
“မင်းကရော မင့်ဘိန်းစိမ်းတွေ မင့်မိတ်ဆွေတွေကို ပေးလိုက်တော့ ဘာပြန်ရလဲ” လို့ ‘ဗလ’ ကို မေးတော့ သူက “ငါ ဆေးခြောက်တွေ အများကြီးပြန်ရတယ်” တဲ့။
“ဝိုး”
‘မင်းက တကယ့်ကောင်ပဲ’ လို့ စိတ်ထဲကနေ သူ့ကို မှတ်ချက်ချ ပြောရင်းနဲ့ ကယန်းအနောက်ပတောင်ဘိန်းခင်း ခရီးစဉ်အကြောင်း ဒီလောက်နဲ့ပဲ ခေတ္တရပ်နားပါရစေ။