မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းရှိ လူမှုကူညီရေးအဖွဲ့များ မိုးရာသီတွင် ဖြစ်ပေါ်နိုင်သည့် သဘာဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းတို့ကို ယနေ့ ဇွန်လ ၃ ရက်နေ့တွင် သံလွင်မြစ်အတွင်း ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သိရသည်။
အဆိုပါလေ့ကျင့်ရေးတွင် မော်လမြိုင်မြို့ပေါ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သဘာဝဘေးစီမံခန့်ခွဲရေးဌာနနှင့် ရပ်ကွက်နေပြည်သူတို့မှ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။
သံလွင်မြစ်အတွင်း ရေပြင် အရေးပေါ်ရွှေ့ပြောင်းရေး၊ လူနာပို့ဆောင်ရေး၊ ရေပြင်ရှာဖွေရေးစသည့် ကယ်ဆယ်ရေးနည်းစနစ်များဖြင့် ကြိုတင်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“လေကျင့်တာက speed boat တွေ လှေတွေ မောင်းပြီး မီးသတ်တပ်ဖွဲ့တွေကို ဆက်သွယ်ပူးကယ်ဆယ်သလိုမျိုးပေါ့နော်။ ဒီလိုလေကျင့်နေတာက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေအကြား ပူးပေါင်းပြီး လက်တွဲညီညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နိုင်သွားဖို့အတွက်ပေါ့နော်” ဟု မော်လမြိုင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံလာပါက ကယ်ဆယ်ရေးအဖွဲ့များက အသင့်ရှိနေကြောင်းနှင့် ထိခိုက်မှုနည်းစေရန် ပြည်သူလူထုဘက်မှလည်း သတိရှိရန်လိုအပ်ကြောင်းနှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။
“အဓိကတော့ ပုံမှန်ရေးကြီးတဲ့နေရာတွေရှိပါတယ်။ မော်လမြိုင်မြို့ပေါ်ဆိုရင်လဲရှိတယ်။ အဲတာကို သိထားတော့ မိုးလေဝသကခန်းမှန်ချက်တွေကို ကြည့်ပြီး ရှောင်တိမ်းနေထိုင်ဖို့၊ ဆေးဝါးပစ္စည်းတွေ ဆိုရင်လဲ ကြိုတင်ဝယ်ပြီး သိမ်းထားကြဖို့ လုပ်သင့်တယ်ပေါ့နော်” ဟု ရေးမြို့ပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့တွင်လည်း ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်လေ့ကျင့်မှုများကို မော်လမြိုင် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သေးကြောင်းသိရသည်။
မွန်ပြည်နယ်တွင် နှစ်စဉ် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်တို့ကို ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသော်လည်း ကယ်ဆယ်ရေးပစ္စည်းလိုအပ်ချက်များ ရှိနေသေးကြောင်းလည်း လူမှုကူညီရေးအဖွဲ့တို့ပြောပြချက်အရ သိရသည်။