Wednesday, March 11, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု တင်းကြပ်နေသဖြင့် လူနာပို့ဆောင်ရေးလုပ်ငန်းရပ်နားထားရ

    လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု တင်းကြပ်နေသဖြင့် လူနာပို့ဆောင်ရေးလုပ်ငန်းရပ်နားထားရ

    -

    စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတို့ကို ကရင်နှင့်မွန်ပြည်နယ်တို့တွင် အရှိန်မြှင့်လုပ်ဆောင်နေပြီး လူနာတင်ယာဉ်တို့ပါ ဖမ်းဆီးခံနေရသဖြင့် လူနာပို့ဆောင်ရေးကိစ္စတို့ကို ရပ်နားထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့မှ သိရသည်။

    လိုင်စင်မဲ့ယာဉ်များကိုဖမ်းဆီး အရေးယူရန် ပြီးခဲ့သည့်မေလ ၂၀ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောဆိုခဲ့ပြီးနောက် လိုင်စင်မဲ့မော်တော်ယာဉ်တို့ကို နေအိမ်အထိ တင်းတင်းကြပ်ကြပ်ဖမ်းဆီးမှု လုပ်ဆောင်လာခဲ့သည်။

    ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်ထားပြီး အရေးပေါ်လူနာ ပို့ဆောင်စဉ် လမ်းမကြီးအပြင်၊လမ်းကြိုလမ်းကြားတို့တွင် ဖမ်းဆီးနေသဖြင့် ဘားအံမြို့နယ်အတွင်း လိုင်စင်ရှိလူနာတင်ယာဉ်တို့သာ လည်ပတ်နိုင်တော့ကြောင်း ဘားအံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ လောလောဆယ်ဘားအံအသင်းတွေအားလုံး ရပ်နားထားတယ်၊ ဘားအံမှာ လိုင်စင်ကားရှိတဲ့ အသင်းတွေတော့ရှိတယ်၊ ရှိတဲ့အသင်းက ကားလေးနဲ့ပဲရွာကလာပို့တဲ့ ကားကို change down လုပ်ပြီးတော့ ရသလောက်ပို့ဆောင်ပေးနေပါတယ် ယာယီပေါ့နော်၊ ကျနော်တို့တွေ ညှိနှိုင်းတာတွေမပြီးသေးတော့လုပ်ငန်းကတော့ အဆင်ပြေသလို ဆောင်ရွက်ပါတယ် ”ဟု၎င်းကပြောသည်။

    ဇွန် ၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ဘားအံမြို့ အဝင်အထွက်အနီးတွင် အရေးပေါ်လူနာတင်ယာဉ်တစ်စီး ဖမ်းဆီးခံရသောကြောင့်၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ပြန်လည်ထုတ်ယူရန် သက်ဆိုင်ရာတို့ထံ တောင်းဆိုထားကြောင်းလည်း ဆက်ပြောသည်။

    မော်တော်ယာဉ်ဖမ်းဆီးခံရသူတို့ပြောပြချက်အရ ဖမ်းဆီးခံရသည့် ဆိုင်ကယ်အမျိုးအစားပေါ်မူတည်၍ သိန်း ၆၀ အထိ တောင်းခံနေကြောင်းလည်း သိရသည်။

    အလားတူ မွန်ပြည်နယ်အတွင်းရှိ လူနာတင်ယာဉ်အများစုတို့လည်း လိုင်စင်မဲ့ယာဉ်များဖြစ်သဖြင့်၊ ဖမ်းဆီးမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်မိကြောင်း မွန်ပြည်နယ်မှလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အဲ့လိုဖြစ်ပြီးတော့ အများစုကမသွားရဲကြတာရှိတယ် ရပ်ထားရတာများတယ်၊ EC အစည်းအဝေးတော့ မထိုင်ရသေးဘူးပြီးတော့မှဘာဆက်လုပ်မလဲသိမှာ၊ ဖမ်းမယ် ဆိုတာ ဘယ်လိုပုံစံဖမ်းမယ်ဆိုတဲ့ဟာကို အတိအကျပြောထားရင်ပိုပြီးအဆင်ပြေမယ်၊ အခုလိုဖမ်းတော့ မဖြစ်သင့်တာဖြစ်ကုန်ပြီးတော့လူနာ လမ်းကြောင်းအရေးပေါ်ဖြစ်လာပြီးဆိုရင် ပြည်သူတွေ ပြန်နစ်နာတာမျိုးရှိတယ်” ဟု၎င်းက ပြောသည်။

    လိုင်စင်မဲ့ယာဉ်တို့အပြင် နံပါတ်ပြားမထင်မရှားတပ်ဆင်ထားခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိခြင်း၊ မဆင်မခြင်မောင်းခြင်းတို့ကို ကျူးလွန်မိပါက ဒဏ်ငွေ ၃ သောင်းမှ ၃ သိန်းအထိဒဏ်ငွေသတ်မှတ်ထားသည့်အပြင် ထောင်ဒဏ် တစ်လမှ ၃လအထိကျခံနိုင်သည်ဟုလည်း မွန်ပြည်နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။

    လိုင်စင်မဲ့မော်တော်ယာဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဖမ်းဆီးနေပြီးနောက် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲများ စစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်မိသားစုတို့မှ အသုံးပြုမှုများလာကြောင်းလည်း သိရသည်။

    ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်ကနေတဆင့် မြဝတီဘက်သို့ လိုင်စင်မဲ့မော်တော်ယာဉ်တင်သွင်းခြင်းကို စစ်ကောင်စီတပ်သား၊ ရဲနှင့် စစစတို့မှ အခွန်အခယူဆောင်ကာ တင်သွင်းခွင့်ပြုနေသည့်အပေါ် ဝေဖန်ပြောဆိုမှုတို့ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks