မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တို့မှ မကြာခဏ အင်အားဖြည့်တင်းနေသည့်အပြင် မြို့အဝင်အထွက်ရှိ လမ်းတစ်လျှောက်တွင် မေလဆန်းပိုင်းမှစ၍ လုံခြုံရေးဆက်တိုက် တင်းကြပ်ထားပြီး လူ့အခွင့်ရေးချိုးဖောက်မှုတို့ကို လုပ်ဆောင်နေကြောင်း ရေးဒေသခံတို့ပြောပြချက်အရ သိရသည်။
ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ် ( ၁၉ ) စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် စကခ-၁၉ လက်အောက်တပ်စခန်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ-၅၈၆၊ ခြေလျှင်တပ်ရင်း ခလရ-၆၁ တပ်ရင်းရှေ့တို့တွင် အုတ်ပုံခဲများဖြင့်ခံစစ်ပုံစံဆောက်လုပ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ရွေးကောက်ပွဲနီးကပ်လာပြီးဖြစ်၍ စစ်ကောင်စီမှ မွန်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နိုင်စွမ်းကို ပိုမိုပြသနေသဖြင့် နယ်မြေစိုးမိုးမှုကိစ္စအပြင် စစ်ရေးကိစ္စ ပိုမိုတင်းမာလာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့ သုံးသပ်လျှက်ရှိသည်။
လက်ရှိ ရေးမြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့တို့နယ်မြေစိုးမိုးမှု လုပ်ဆောင်နေပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့်အကြောင်းနှင့်ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ( HURFOM ) မှ ဒါရိုက်တာ နိုင်အဲမွန်နှင့် ဆက်သွက်မေးမြန်းထားသည်။
မေး။ ။ စစ်ကောင်စီတပ်ဖွဲ့တွေ ရေးဒေသအတွင်းနဲ့ ရေး-သံဖြူဇရပ် လမ်းပိုင်းတစ်လျှောက်မှာ အင်အားဖြည့်တင်းတာတွေလုပ်ပြီး လုံခြုံရေးတင်းကြပ်တာတွေ လုပ်နေတဲ့ သူတို့(စကစ)ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ထင်ပါသလဲ။
ဖြေ။ ။ ဗမာစစ်တပ်ဆိုတာက နေ့ရက်တိုင်း စစ်တိုက်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်တိုင်း မြေပြင်မှာတိုက်တာတွေ မလုပ်ဆောင်ရဲတော့ဘူး။ ကျွန်တော်တို့ သိသလိုပဲ ဒရုန်းတို့ လေယာဉ်တို့အသုံးပြုမယ်။ ဒါမဲ့ မွန်ပြည်အတွက်က သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကိုပြသချင်မယ်။ အုပ်ချုပ်လို့ရသေးတယ်ဆိုတာ၊ ပြီးတော့ မင်းအောင်လှိုင်လည်း ပြောထားတာရှိတယ်။ ဒီဇင်ဘာကျရင် ရွေးကောက်ပွဲကျင်းပမယ်။ ကျင်းပဖို့ကိုလည်း သူထိန်းချုပ်နိုင်တဲ့ဒေသတွေ သိပ်မရှိတော့ဘူး။ ဒါမဲ့ မွန်ပြည်နယ်ကထိန်းချုပ်နိုင်တုန်းပဲ။ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ မန္တလေး ဒါတွေကို သူတို့လက် မလွှတ်ချင်ကြဘူး။ လက်မလွှတ်ချင်ကြတော့ သူ့အင်အားရှိသလောက် ပြသပြီး မြေပြင်စိုးမိုးခြယ်လှယ်မှု၊ မြေပြင်ကြီးကြပ်ကွပ်ကဲမှုတို့ အတင်းလုပ်ဆောင်လာတယ်။ အဲ့ထဲမှာ ရေးကလည်း မကြာခဏပဲ၊ ရေးမှာဆို ရေးမြို့ပေါ်၊ ရေးမြောက်ပိုင်း၊ တောင်ပိုင်း၊ ရေး-သံဖြူဇရပ်ကြား၊ အဲ့နေရာတွေကို မနိုင်နိုင်အောင် အမြဲတမ်းအင်အားဖြည့်တင်းထားတယ်။ တစ်ဖက်မှာလည်း စစ်မှုထမ်းဥပဒေတွေပေါ်လာတော့ စစ်သင်တန်းပေးပြီး အင်အားထပ်ဖြည့်လာတယ်။ နောက်တစ်ခုက ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အဲ့တာလည်းရှိတယ်။ အဲဒါ့ကြောင့် နိုင်သလောက် ရင်ဆိုင်နေရတယ်။ ပြီးတော့ မွန်မှာဆို ရေးက တော်လှန်ရေးတပ်တွေအများဆုံးရှိတဲ့ဒေသဖြစ်တယ်။ အဲ့ဒါကိုလည်း သူတို့လန့်နေရတယ်။ ဒါကြောင့် သူတို့အင်အားရှိသလောက် ပရိယာယ်အဖြစ်ပြထားရတယ်။ လောလောဆယ်ဆို အင်အားတွေပြမယ်။ အခြေအနေတွေငြိမ်လာရင် ရွေးကောက်ပွဲကျင်းပလို့ရမယ်လေ။ အဲ့နှစ်ခုကြောင့်ပေါ့။
မေး။ ။ ရေးဒေသဘက်မှာ စစ်ကောင်စီတပ်တွေ အားထားနေရတဲ့ အမြဲတမ်းတပ်ရင်းတွေရော ဘယ်လောက်အထိကျန်သေးလဲ။

ဖြေ။ ။ အမြဲတမ်းတပ်ရင်းက ဘယ်လောက်မှမရှိတော့ဘူး။ မော့ကနင်မှာဆို ၁၀၆၊ စုံနံ့သာမှာဆို ၅၈၆၊ ၅၈၇၊ အာယုတောင်မှာဆို ၃၄၃၊ တပ်ရင်း ၇ ခု မဟုတ်ရင် ၈ ခု လောက်ရှိမယ်။ ဟိုအရင်ကတည်းက ရှိနေတာ။ စကခ ၁၉ အောက်မှာဆို စုစုပေါင်း တပ်ရင်း ၁၂ ခုလောက်ရှိတယ်။ ဒါမဲ့ ခုဆို မပြည့်တော့ဘူး။ ရေတပ်ကနှစ်ခု၊ အုန်းပင်ကွင်းနဲ့ လှည်းဆိပ်ဘက်မှာရှိနေတယ်။ ရေးမှာဆို စကခ ၁၉ က အကြီးမား ဆုံးတပ်ရင်းဖြစ်တယ်။ အဓိကက စကခ ၁၉ အောက်မှာဆို တပ်တွေရှိတယ်။ ၅၈၆၊ ၅၈၇၊ ၅၉၁၊ ၅၉၃၊ ၃၄၃၊ ခလရ ၃၁၊ အဲ့ဒီတပ်တွေက ရှိနေတုန်းပဲ။ ရှိတာကလည်း ပုံပန်းသဏ္ဍန်လောက်ပဲ ကျန်တော့တာ။ အရင်က တပ်တစ်ခုဆို အင်အား ၂၀၀/၃၀၀ လောက် ရှိတယ်။ ခုဆို ဆယ်ဂဏန်းဝန်းကျင်လောက်ပဲရှိတော့တာ။ သူတို့ရဲ့ အင်အားကတော့ အရင်ကလို ခိုင်ခိုင်မာမာမရှိတော့ဘူး။ အကယ်လို့ စစ်ထဲဝင်ဖို့အဓမ္မဖမ်းဆီးထားတဲ့ ခလေးတွေကို စစ်သားအတင်းလုပ်ခိုင်းရင်တော့ အင်အားရှိချင်ရှိမယ်။ ဒါမဲ့ စစ်သားစွမ်းရည် အပြည့်အဝရှိတဲ့သူတွေ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တိုင်း အဲ့ခလေးတွေသေရမှာပဲ။ အဲ့ဒါကြောင့် အဲ့လိုမျိုးထားထားတာ။
မေး။ ။ ဆိုတော့ အဲဒီအမြဲတမ်းတပ်ရင်းတွေမှာ စစ်ကောင်စီတပ်တွေ ထပ်မံဖြည့်အင်အားဖြစ်တင်းနေတာတွေရှိတော့ ရေးမှာ စစ်ကောင်စီတပ်တွေအင်အားပိုများလာတယ်လို့ပြောလို့ရလား။
ဖြေ။ ။ အဲ့ဒီတပ်ရင်း ၇ တပ်ရင်းကနေဆို အင်အား အများဆုံး ၆၀၀/၇၀၀ ဝန်းကျင်လောက်ပဲရှိမယ်။ ဘာကြောင့်လဲဆိုရင် အခြေအနေအမျိုးမျိုးကြောင့် အခြားဒေသဘက်တွေကို ပို့နေရတဲ့ အင်အားတွေကလည်း မနည်းဘူး။ ဥပမာ ခေါဇာလိုမျိုး ခလရ ၃၁ ဆို ခေါဇာမှာ မရှိတော့ဘူး။ အဲ့ဒီကစစ်သားတွေဆို ဟိုးကော့ကရိက်ဘက်ကို ပို့ခံထားရတယ်။ အချို့ဆို ရှမ်းမြောက်ဘက်မှာ ရှိနေကြတယ်။ အသိမ်းခံရတဲ့လားရှိုးဘက်ဆို အမြဲပို့နေရတယ်။ ရေးဘက်ကတပ်ရင်းမှာဆို နှစ်အကြာကြီးနေထားတဲ့ စစ်သားတွေမရှိတော့ဘူး။ ခဏခဏရွှေ့ပြောင်းခံထိတယ်။ အင်အားတွေ လည်း လျော့သထက်လျော့လာတယ်။ ခန့်မှန်းကြည့်ရသလောက်တော့ ရာဂဏန်းလောက်ပဲရှိတော့ တယ်။ အများဆုံး ၆၀၀ ပေါ့လေ၊ လူအင်အားသိပ်မရှိတော့ပေမယ့် သူတို့ရဲ့ စစ်လက်နက်အင်အား ကတော့ ရှိနေတုန်းပဲ။ ဒီအင်အားတွေက သူတို့အုပ်ချုပ်ရင်ဆိုင်နိုင်နေသေးတယ်။ နိုင်ငံတော် ဘတ်ဂျက်တွေရှိတယ်။ အသုံးပြုခွင့်ရှိတယ်လေ၊ ကျည်တို့ ၊ လက်နက်တို့၊ ဗုံးတို့ဆို အပြည့်အဝရှိတယ်။ စစ်ရေးလေ့လာ အကဲခတ်တဲ့သူတွေ အများစုကလည်း အဲ့လိုပဲပြောကြတယ်။
မေး။ ။ လက်ရှိရေးမှာဆိုရင် တော်လှန်ရေးအဖွဲ့တွေထက် စစ်ကောင်စီအဖွဲ့တွေ နေရာယူပြီး လူ့အခွင့်ရေးချိုးဖောက်တာတွေနဲ့ပတ်သတ်ပြီး ဘယ်လိုကျူးလွန်နေတာရှိလဲ။

ဖြေ။ ။ အများစုတွေ့နေရတာက သွားလာရေးတွေပေါ့။ အင်မတန်တင်းကြပ်ထားတယ်။ တစ်နေရာရာသွားရင် လိုင်စင်မရှိတာကိုအကြောင်းပြပြီး စစ်ဆေးတာတွေရှိတယ်။ သူတို့စစ်ဆေးဂိတ်တွေကိုလည်း လုံခြုံရေးတင်းကြပ်လာတယ်။ မြို့အဝင်လမ်း အထွက်လမ်း၊ အဲ့ဒီတစ်လျှောက်ဆို အများကြီးပဲ။ မြို့ပေါ်မှာဆိုလည်း အချိန်မရွေး အဓမ္မဖမ်းဆီးလို့ရတယ်။ အချိန်မရွေး ခလေးတွေကို ဖမ်းလို့ရတယ်။ အဲ့ဒါကြောင့် ခလေးတွေရော ခလေးမိဘတွေရော အရင်ကလို အပြင်ထွက်တာက နည်းသွားတယ်။ ရာဘာခြစ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေလည်း နည်းသွားတယ်။ ဖမ်းဆီးတာတွေကို အကြောင်းပြုပြီး ငွေကြေးနဲ့ဖြေရှင်းရ တာတွေများလာတယ်။ တစ်ဖက်မှာလည်း အခြေအနေမတည်ငြိမ်အောင် သူတို့လုပ်ထား တာလားဆိုတာတော့ မသိဘူး။ ဥပမာဆိုပါစို့ အရင်ကလို လူဆိုးတွေနဲ့ ပူးပေါင်းပြီး ခိုးဆိုးလုနှိုက်ခိုင်းတာ၊ အခြေအနေမငြိမ်အောင် သူတို့လုပ်နေပြီး ဝင်ရှုပ်လို့ရအောင် အဲ့လိုတွေပေါ့။ အချို့ဆို ဆိုင်ကယ်ပျောက်သွားတယ်။ အိမ်ချိုးဖောက်ခံရတယ်။ ဘာမှအရေးမယူဘူး။ ပြည်သူတွေပဲထိတာ။ မသွားလာရဲဘူး။ လွတ်လွတ်လပ်လပ်မရှိဘူး။ အမြဲတမ်းကြောက်နေရတယ်။ အဲ့အခြေအနေရောက်အောင် သူတို့က အမြဲတမ်းလုပ်ဆောင်နေတာ။ သူထိန်းရလွယ်အောင်ပေါ့၊ ပြည်သူတွေအများကြီး ကြပ်တည်းလာတယ်။
မေး။ ။ အကျိုးဆက်အနေနဲ့ ပြည်သူတွေ ဘယ်လိုခံနေရတာရှိလဲ။
ဖြေ။ ။ ဒီလိုတွေဖြစ်လာတာက ပြည်သူတွေအရင်ဆုံးထိရတယ်။ ဘာလို့ဆို တိုက်ပွဲဖြစ်ကြည့် ပြည်သူတွေပဲ ထိတယ်။ လမ်းတွေပိတ်မယ်၊ စစ်ဆေးမယ်၊ တိကျသေချာတဲ့သက်သေမရှိဘဲနဲ့လည်း သူတို့ဖမ်းမယ်၊ ပစ္စည်းတွေသိမ်းမယ်၊ အနည်းဆုံးအဲ့လိုဖြစ်လာမယ်။ ပြီးတော့ သူတို့သံသယဖြစ်ရင် ပစ်သတ်မယ်၊ စစ်ဆေးဂိတ်မှာ လူငယ်ပစ်သတ်ခံရတာတွေ့တယ်ဟုတ်လား၊ အဲ့လိုတွေဖြစ်လာမယ်၊ ဒါတွေက ကျွန်တော်တို့ ရေးမြို့ပေါ်မှာတွေ့နေတာ၊ ရေးမြို့ပေါ်မှာမှမဟုတ်ဘူး။ ရေးမြို့တောင်ပိုင်း၊ မြောက်ပိုင်းက အချို့ရွာတွေမှာလည်း ပြည်သူ့စစ်လိုမျိုး မွေးထားတာ။ အဲ့ဒီလူတွေက ဆိုးတဲ့လူတွေလည်းရှိတယ်။ အဲ့လိုဖြစ်အောင် သူတို့ဖန်တီးထားတာ။
မေး။ ။ ရွေးကောက်ပွဲကာနီးကပ်လာတဲ့အချိန်မှာ ရေးဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးပိုမိုပြင်းထန်နိုင်လား။
ဖြေ။ ။ ကျွန်တော်တို့အရင်က တွက်ချက်ထားသလိုပဲ။ သူတို့ပြောထားသလို ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဒီကြားထဲမှာဆို သူတို့အင်အား၊ ပရိယာယ်၊ သူတို့အုပ်ချုပ်နိုင်စွမ်းကိုပြမယ်၊ အယောင်ဆောင်ထားတဲ့ ကိစ္စတွေက ပိုပြီးများလာမယ်။ အဲ့ဒါကြောင့် အဲ့ကိစ္စတွေများလာလေ ပြည်သူတွေ အထိနာလေပဲ။ တစ်ခုက တော်လှန်ရေးအဖွဲ့တွေကလည်း ငြိမ်နေမှာမဟုတ်ဘူး။ တိုက်ခိုက်နေမှာပဲ၊ အဲ့လိုဆို ရေးဒေသဖြစ်တဲ့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ကျောင်းရွာအပါအဝင် အကုန်လုံးက ပဋိပက္ခပိုဖြစ်လာမယ်၊ ဒီထက်ပိုဆိုးတာလည်းဖြစ်နိုင်တယ်၊ ခန့်မှန်းကြည့်ရသလောက်တော့ ရေးတစ်ခုတည်းမဟုတ်ဘူး။ ရေး-သံဖြူဇရပ်အကြား၊ သံဖြူဇရပ်-ကြာအင်းဆိပ်ကြီးအကြား အဲ့ဒီဒေသတွေမှာ စစ်ရေးပိုတင်းလာဖို့ရှိတယ်။ ရွေးကောက်ပွဲမရောက်ခင်မှာ အခြေအနေဆိုး လာနိုင်ချေရှိတယ်။ သူတို့ဘက်ကလည်း သူတို့လျှော့မှာမဟုတ်ဘူး။ ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်မယ်၊ သူတို့ပြသဖို့သိပ်မရှိတော့ဘူး။ မွန်ပြည်မှာဆို ဘီးလင်း၊ ကျိုက်ထိုတို့ ဆိုလည်း အခြေအနေမငြိမ်နေဘူး။ သူတို့ရဲ့ ပစ်မှတ်ဒေသက မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရောဒီလောက်ပဲကျန်မယ်။ ဒီဒေသမှာဆို ပိုပြီးဆိုးလာမယ်။ စစ်ရေးတင်းမာတဲ့ကိစ္စတွေရော၊ နယ်မြေစိုးမိုးမှုတွေရော ဒီထက်ပိုပြီးတင်းလာနိုင်တယ်လို့ မြင်ပါတယ်။ အဲ့ဒါမှ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်လုပ်လို့ရမယ်၊ သူ့ကိုလုပ်ပေးမယ့်သူတွေကို မဲဆွယ်စည်းရုံးလို့ရမယ်။ နိုင်ငံရေးပါတီတွေကို အင်အားဖြည့်ခိုင်းမယ်၊ ရွေးကောက်ပွဲပုံစံကျအောင်ပေါ့။