Home သတင်း ရွေးကောက်ပွဲနီးကပ်လာပြီးဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်နေ

ရွေးကောက်ပွဲနီးကပ်လာပြီးဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်နေ

မွန်ပြည်နယ်၊ မြို့နယ်အများစုတို့တွင် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံသားအားလုံး ဆန္ဒမဲပါဝင်ထည့်သွင်းနိုင်ရန် ပန်းခင်းစီမံချက်အစီစဉ်ဖြင့်သော်လည်းကောင်း၊  လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့၏ အစီစဉ်ဖြင့်လည်းကောင်း  နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု သိရသည်။

အထူးသဖြင့် မိမိတို့နေထိုင်ရာ ဒေသအတွင်း ၅ နှစ်ပြည့်နေထိုင်နေသည့် ရွေ့ပြောင်းလုပ်သားများ၊ နေထိုင်ခွင့်အထောက်အထားမရှိသည့် ရွေ့ပြောင်းလုပ်သားတို့အပြင် အခြားအိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လုပ်ဆောင်လိုသည့် ဒေသခံတို့ကိုအချိန်မရွေး  လုပ်ဆောင်ပေးနေကြောင်း သံဖြူဇရပ်မြို့နယ်မှ လဝကရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရွှေ့ပြောင်းတွေက မွန်ပြည်နယ် မှတ်ပုံတင်ပြောင်းလုပ်နေကြတယ်၊ သွားလာလို့ လွယ်တယ်ဆိုတော့၊ ရုံးကလည်း လွယ်လွယ်နဲ့လုပ်ပေးတယ်၊ မရစ်ဘူး။ မကြာသေးခင်ကရောက်လာတဲ့ ပုသိမ်တို့ ဧရာဝတီကလူတွေလည်း လုပ်လို့ရတယ်။ ပိုက်ဆံဆိုလည်း သုံးထောင်လောက်ပဲပေးရတယ် ” ဟု ၎င်းကပြောသည်။

မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ၌ ပြီးခဲ့သည့် မေ ၂၆ ရက်နေ့က စစ်ကောင်စီမွန်ပြည်နယ် ဝန်ကြီးချုပ်အဖွဲ့မှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၁၃၀၄) ကတ်ကို ပြုလုပ်ပေးခဲ့သေးကြောင်းလည်း သိရသည်။

အလားတူ ရေးမြို့နယ်တွင် ယခုနှစ်အတွင်း ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားတို့ကိုလည်း ယာယီကဒ်ပြား(လက်မှတ်) လုပ်ဆောင်ရန်တိုက်တွန်းထားကြောင်းလည်း ရေးမြို့နယ်မှအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“  အလျင်စလိုလုပ်ခိုင်းနေတာပဲ၊ ရွှေ့ပြောင်းလုပ်သားတွေ မဲထည့်ဖို့အတွက်နဲ့ ယာယီကတ်ပြားပေးလုပ်ဖို့ရှိတယ်၊ သူတို့ကတ်ပြားထုတ်ပေးမယ်၊ အဓိကကရွေးကောက်ပွဲပေါ့နော်၊ မဲပေးတဲ့အခါကျရင် ရွှေ့ပြောင်းနေထိုင်နေတဲ့ သူတွေလည်း မဲထည့်လို့ရအောင်’’ ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတို့ကိုလည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနေကြောင်းလည်း စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဌာန၏ လူမှုကွန်ရက် စာမျက်နှာမှဖော်ပြချက်အရ သိရသည်။

ရွှေ့ပြောင်းလုပ်သားတို့သည် စစ်ကောင်စီ၏မိတ်ဖက် နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် မဲအင်အားတစ်ခုဖြစ်စေပြီး ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရွေ့ပြောင်းလုပ်သားတို့ဆန္ဒပြုထည့်ထားသည့် မဲအရေအတွက်တို့ကို ၎င်းတို့မဲအင်းအားဖြစ်ရေး ကြိုးပမ်းနေကြကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက သုံးသပ်လျှက်ရှိသည်။

တစ်နိုင်ငံအတိုင်းတာဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု ပန်းခင်းစီမံချက်ကို အဆင့်(၃)ကာလကို  လာမည့်အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လူဦးရေ ၄ သိန်းကျော်အတွက် ဆောင်ရွက်ရန်လျာထားကြောင်းလည်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေ့ပြောင်းလုပ်သားတို့ကို ယာယီနေထိုင်ခွင့်ကဒ် လုပ်ဆောင်ပေးနေသည့်အပေါ် တိုင်းရင်းသားပါတီတို့က ရွေးကာက်ပွဲကော်မရှင်ထံကန့်ကွက် တင်ပြခဲ့သော်လည်း မဲပေးခွင့်ပြုခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.