စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း အထူးသဖြင့် သထုံခရိုင်အတွင်းရှိ တံတားများ၊ ကားလမ်း၊ ရထားလမ်းများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရမှု မကြာခဏ ဖြစ်ပွားနေသည်။
ယခု မေလ တစ်လတစ်လအတွင်း၌ပင် ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ မိုးကောင်းတံတား၊ ဘီးလင်း-နတ်ကြီးကားလမ်းရှိ ပေ ၈၀ တံတားနှင့် မိုးကောင်းနှင့် ကလိကျွန်းရွာကြား ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ဒေသတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် လမ်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးရခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ လှုပ်ရှားမှုတွေရှိတာ မှန်ပါတယ်။ စစ်ကောင်စီရဲ့ ထောက်ပို့နဲ့ စစ်ကူလမ်းကြောင်းတွေကိ ဖြတ်တောက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီ ဘီးလင်း-နတ်ကြီးတံတားဆိုတာက ဖာပွန်ခရိုင်ထဲကို ဝင်တဲ့ လမ်းကြောင်းလေ။ စစ်ရေးအရ ဖြတ်တောက်တဲ့သဘောဖြစ်ပါတယ်” ဟု ပြောသည်။
တစ်ဘက်မှာတော့ လမ်း၊ တံတား မိုင်းခွဲခံရမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ဒေသခံပြည်သူများ သွားလာရေး အခက်အခဲကြုံတွေ့ကြရသည်။
၎င်းပြင် လမ်းပန်းဆက်သွယ်ရေးကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးသည့်အတွက်ကြောင့်လည်း ဒေသတွင်း ကုန်စျေးနှုန်း မြင့်တက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။
လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးခံရပြီး သွားလာရေး ခက်ခဲလာသည့်အပေါ် ဒေသခံပြည်သူတို့အကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

“လမ်းတွေဖျက်စီးခံရတာတွေ၊ တံတားတွေ၊ ရထားလမ်းတွေ ဖျက်စီးခံရတာတွေက အချိန်တွေ ကြာသွားစေတယ်။ အနီးစပ်ဆုံး ဥပမာတစ်ခုပြောရရင် စက်သုံးဆီလိုမျိုးပေါ့။ လမ်းတံတားတွေဖျက်ဆီးခံရလို့ စက်သုံးဆီမရဘူးဟေ့ဆိုလို့ရှိရင် ဒီလိုသက်ရောက်မှုတွေက ပြည်သူတွေကိုပဲ တိုက်ရိုက် ထိခိုက်တဲ့အခြေအနေမျိုးတွေ ရှိတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ တခြားနည်းလမ်းတွေ အများကြီးသုံးလို့ရတယ်။ အဲဒီထဲကမှ ဒါမျိုးတွေချည်းပဲ လာလာလုပ်တော့ ဘယ်သူနစ်နာမလဲ သာမန်ပြည်သူပဲ ထိတာပေါ့” ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။
လမ်း၊ တံတားမိုင်းခွဲခံရမှုနောက်ဆက်တွဲအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနှောင့်နှေးလာသည့်အတွက် ခရီးသွားလာရေး ကုန်ကျစရိတ်လည်း ပိုမိုကုန်ကျလာသည်ဟု ဆိုသည်။
စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်လိုသည့် ရည်ရွယ်ချက်ဖြင့် တော်လှန်ရေးတပ်ဖွဲ့တို့က လမ်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးသည်ဆိုသော်လည်း အကျိုးသက်ရောက်မှုကို ပြည်သူလူထုကသာ ခံစားနေရသည်ဟုလည်း ဝေဖန်ပြောဆိုကြသည်။
လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးပြီး လမ်းကြောင်းဖြတ်တောက်သည့်လုပ်ရပ်သည် မြို့သိမ်း၊ စခန်းသိမ်းကဲ့သို့သော အရေးကြီးသည့်ကိစ္စရပ်များအတွက်သာ လုပ်ဆောင်သင့်ကြောင်း ပြည်သူလူထုအတွက် ထိခိုက်မှုဖြစ်စေသည့် လုပ်ရပ်မျိုးဆိုလျှင် မလုပ်သင့်ဘူးဟု မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၏ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက မှတ်ချက်ပြုသည်။
“လမ်းတို့ တံတားတို့ မိုင်းခွဲတဲ့နေရာမှာကျတော့ ကျွန်တော်တို့အမြင်ပေါ့နော် စစ်ရေးအရ တကယ့်ကို မေဂျာအော်ပရေးရှင်းလိုမျိုး တကယ့်ကို မလုပ်မဖြစ် အဲ့လိုမျိုးပေါ့နော်။ နယ်မြေသိမ်းတာတို့ တခြားအရေးကြီးတဲ့နေရာတွေကို သိမ်းတာတို့ကတော့ တစ်မျိုးပေါ့နော်။ အဲ့လိုမျိုး အရေးကြီး မေဂျာအော်ပရေးရှင်း မဟုတ်ဘဲနဲ့ ပြည်သူလူထုကို အခက်အခဲဖြစ်စေမယ့် တံတားဖျက်ပြီးတော့ ဘာမှ မလုပ်ဘဲနဲ့ အရေးကြီးတဲ့ တပ်စခန်းတွေကို သိမ်းဖို့မလုပ်ဘဲနဲ့ ဒီလိုလုပ်တာကို ကျွန်တော်တို့ လက်မခံဘူး။ ရန်သူကို မတိုက်ခိုက်ဘဲနဲ့ ပြည်သူပြည်သားတွေရဲ့ သွားလာမှုကို ထိခိုက်စေတဲ့အတွက် ဒါကမလုပ်သင့်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်ဗျ” ဟု ၎င်းက ပြောသည်။
စစ်ဆင်ရေး၏ အတိမ်အနက်ကို ကြည့်ကာ လမ်း၊ တံတားများ ဖောက်ခွဲဖျက်ဆီးမှုကို လုပ်ဆောင်သင့်ပြီး ပြည်သူလူထု၏ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် နေ့စဉ်လူနေမှုဘဝ မထိခိုက်ရေးကို ထည့်သွင်း စဉ်စားရန် လိုအပ်သည်ဟု မှတ်ချက်ပြုသူများလည်း ရှိသည်။
စစ်တပ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် တံတား ၆ စင်းထက်မနည်းရှိသည့်အပြင် ကားလမ်းပိုင်း၊ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုလည်း မကြာခဏဖြစ်ပွားနေသည်။
လမ်း၊ တံတား မိုင်းခွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်များတွၚ် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။