အခြေခံပညာစာသင်ကျောင်းတို့ လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ကျောင်းသုံးပစ္စည်းနှင့် အဖြူအစိမ်းအင်္ကျီတို့ အရောင်းအဝယ်ပါးနေဆဲဖြစ်ကြောင်း ကျောင်းသုံးပစ္စည်းရောင်းချနေသူတို့မှ သိရသည်။
ကျောင်းဖွင့်ရာသီဖြစ်သည့်အတွက် ကျောင်းဝတ်စုံများ၊ ကျောင်းလွယ်အိတ်မျိုးစုံ၊ ထီးနှင့် အခြားစာရေးကိရိယာပစ္စည်းမျိုးစုံတို့ကို ဈေးဆိုင်များတွင် ချိတ်ဆွဲရောင်းချလာပြီး ဈေးနှုန်းလည်း အပြိုင်အဆိုင်မြင့်တက်နေကြောင်း သိရသည်။
တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းအကျဘက်မရှိသည့်အပြင် အွန်လိုင်းဈေးကွက်တိုးလာခြင်းကြောင့် ရောင်းအားမကောင်းကြောင်း သံဖြူဇရပ်မှ ကျောင်းသုံးပစ္စည်း ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ ဈေးရောင်းမကောင်းလို့ ဈေးသည်တွေ တစ်ယောက်နဲ့တစ်ယောက် ညည်းညူးနေကြရတယ်၊ ပစ္စည်းတွေက ဝယ်လိုအားမရှိနေဘူး၊ သုံးပုံတစ်ပုံလောက်ပဲ ရောင်းရတယ်၊ ကုန်ဈေးနှုန်းကလဲ အကျဘက်မရှိ အတက်ဘက်ပဲဖြစ်နေတော့ အရင်နှစ်တွေထက် အများကြီးလျော့သွားတယ်” ဟု ပြောသည်။
ကျောင်းသုံးပစ္စည်းတို့ကို ကျောင်းအနီးရှိဆိုင်ခန်းတို့တွင်လည်းကောင်း၊ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှလည်းကောင်း ကိုဗစ်ကာလနောက်ပိုင်းတွင် အရောင်းအဝယ်ပိုမိုလုပ်ဆောင်လာကြသည်။
လက်ရှိဈေးကွက်အတွင်း အလယ်တန်းအရွယ် ကျောင်းသားအများစု ဝယ်ယူအသုံးပြုနေသည့် ဗလာစာအုပ်တဒါဇင် ၁၈၀၀၀ ကျပ် ၊ ဘောပင်တချောင်း ၆၀၀ ကျပ်၊ ကွမ်းပါဘူး တစ်လုံး ၅၀၀၀ ကျပ်၊ ထီးတစ်လက် ၃၀၀၀၀ ကျော်၊ မူလတန်းကျောင်းဝတ်စုံတစ်စုံ ၁၅၀၀၀ ကျပ်၊ ကျောပိုးအိတ် တစ်လုံး ၃၅၀၀၀ ကျပ် ဈေးရှိနေသည်။
ကျောင်းသုံးပစ္စည်းဈေးမြင့်တက်နေသည့်အပြင် ကျောင်းသားအသုံးစရိတ် အကုန်ကျများနေသဖြင့် ယမန်နှစ်မှ ဝယ်ယူထားသည့် ကျောင်းသုံးပစ္စည်းတို့ကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်းလည်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
“ ကုန်ဈေးနှုန်းတွေတက်နေတော့ ဘာမှမဝယ်နိုင်တော့ဘူး မနှစ်က ကျောင်းဝတ်စုံတွေ အိတ်တွေ မိုးကာတွေ သုံးထားတဲ့ဟာကိုပဲပြန်သုံးမယ်ပေါ့ ကျောင်းဝတ်စုံတော့ အသစ်တစ်စုံ ဝယ်ပေးထားပါတယ်၊ စာအုပ်တွေ စာရေးကိရိယာတွေလဲဈေးတက် ဒါတွေကလဲမဖြစ်မနေဝယ်ရမှာပဲလေ ကလေးတွေကျောင်းတက်နိုင်ဖို့ မနဲရုန်းကန်နေရတယ် ကျောင်းစရိတ်တွေကလဲများ ကြားမှာ စီးပွားရေးကမကောင်းနေပါဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
အလားတူ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း ကျောင်းသုံးပစ္စည်း၊ ကျောင်းဝတ်စုံ၊ အဆောင်ခနှင့် ကျူရှင်စရိတ်အသီးသီးတို့ ယခင်စာသင်နှစ်ထက် နှစ်ဆဈေးမြင့်တက်နေကြောင်းလည်း သိရသည်။
စစ်ကောင်စီပညာရေးဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၏ ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား/သူတိုင်း အခြေခံပညာအလယ်တန်း (KG+9) အထိ ပြီးမြောက်ရေးအတွက် မိဘတို့ တစ်ပြားတစ်ချပ်မျှ ကုန်ကျမှုမရှိစေရေး ဆောင်ရွက်ပေးနေကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ဆိုသည်။
သို့သော် အလယ်တန်းကျောင်းသားတစ်ဦး၏ တစ်နှစ်ပညာသင်စရိတ်သည် သိန်း ၅၀ အထက်တွင်ရှိနေပြီး စားဝတ်နေရေးကြပ်တည်းသည့်မိသားစုမှ ကျောင်းသား/သူအချို့ပညာသင်ယူခွင့် ဆုံးရှုံးနေရကြောင်းလည်း သိရသည်။