spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်း ဆရာ/ဆရာမတို့၏ ထောက်ပံ့ကြေးစရိတ် တိုးပေးရန်မသေချာ

    မွန်အမျိုးသားကျောင်း ဆရာ/ဆရာမတို့၏ ထောက်ပံ့ကြေးစရိတ် တိုးပေးရန်မသေချာ

    -

    ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေးအခက်ခဲတို့ကြောင့် မွန်အမျိုးသားကျောင်း ဆရာ/ဆရာမတို့၏ ထောက်ပံ့ကြေးစရိတ် တိုးမြှင့်ပေးရန် ဆရာ/မတို့က မျှော်လင့်နေဆဲဖြစ်သော်လည်း ယခုစာသင်နှစ်စတင်မည့် အချိန်အထိ တိုးပေးရန် အစီစဉ်ရှိမရှိ မသေချာနေကြောင်း မုဒုံမြို့နယ်မှ မွန်အမျိုးသား ကျောင်းဆရာအလုပ်မှုဆောင်အဖွဲ့ထံမှ သိရသည်။

    မွန်အမျိုးသားကျောင်းဆရာ/မတို့၏ ထောက်ပံ့ကြေးကို အလှူရှင်များက အဓိက ထောက်ပံ့ပေးနေပြီး ယခု ၂၀၂၅-၂၀၂၆ ခုနှစ်၏ အလှူရှင်ရရှိမှုနှင့် ထောက်ပံ့ပေးဆောင်မှုအခြေအနေ မည်သို့ရှိသည်ကို မသိရသေးကြောင်း ဆိုသည်။

    "ဒီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းဆရာ/မတွေကို ကျနော်တို့ထောက်ပံ့ကြေး တိုးမလား လျှော့မလားဆိုတာ မသေချာသေးဘူး၊ ဒီလမှ လာမဲ့နှစ်အတွက် ပရောဂျက်ကို ပြန်စရမှာဆိုတော့ အလှူရှင်ရဲ့အခြေအနေတွေကို မသိသေးဘူး"ဟု မုဒုံမြို့နယ်မှ မွန်အမျိုးသား ‌ကျောင်းဆရာတစ်ဦးက ပြောပါသည်။

    လစဉ် မွန်အမျိုးသားကျောင်းဆရာ/မ တို့၏ ထောက်ပံ့ကြေးသည် ၁၅၀၀၀၀ကျပ် ဝန်းကျင်တွင်ရှိနေပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းဆရာ/မတို့အနေဖြင့် သီးခြားအပိုထောက်ပံ့အနည်းငယ်ထပ်မံရရှိနေကြောင်း သိရသည်။

    "ကျနော်တို့ရဲ့ ကျောင်းဆရာတွေက မျိုးချစ်စိတ်ကိုပဲ ဦးစားပေးပြီးတော့ လုပ်နေကြတာ၊ ဒါပေမဲ့လည်း ထောက်ပံ့ကြေးတွေက နည်းလွန်းတော့ ကျောင်းဆရာမဘဝမှာပဲ ကြာကြာ ရင်နှီးမြှပ်နှံသွားဖို့က မိဘတွေ၊ မိသားစုတွေအတွက် စိန်ခေါ်မှုဖြစ်စေတယ်လေ၊ ဒါကြောင့် ကျောင်းဆရာ/မတွေ အဝင်အထွက်များတယ်၊ ဒီနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ တွက်ရင် နည်းနည်း ပိုပေးနိုင်ရင်တော့ကောင်းတာပေါ့နော်"ဟု သံဖြူဇရပ်မှ မွန်အမျိုးသားကျောင်းဆရာ အလုပ်မှုဆောင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ယနေ့ခေတ် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ငွေကျပ် ၁၅၀၀၀၀ တန်ဖိုးသည် အနိမ့်ဆုံး အခြေခံလစာတွင်ရှိနေပြီး လုပ်ငန်းပိုင်းနှင့် ယှဉ်ကြည့်ပါက အရောင်းဆိုင်ဝန်ထမ်းတစ်ဦး၏ လစာစရိတ် ၂၅၀၀၀၀ မှ ၄၀၀၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။

    လက်ရှိတွင် စားဝတ်နေရေးကြောင့် အလုပ်ပြောင်း အလုပ်နားသူများနေပြီး မွန်အမျိုးသားကျောင်းများတွင် ကျောင်းဆရာ/မ မလုံလောက်မှုနှင့် အတွေ့အကြုံရှိ ဆရာ/မ လိုအပ်ချက်ပြသနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

    အလှူရှင်မှ ထောက်ပံ့ကြေးစရိတ် ရရှိမှု နည်းလွန်နေသဖြင့် မွန်အမျိုးသားကျောင်း ဖွင့်လှစ်ထားသည့် မြို့နယ်နှင့် ရွာတို့အတွင် ရန်ပုံငွေရှာဖွေရေးအဖွဲ့ ဖွဲ့စည်းကာ မွန်အမျိုးသား ကျောင်းဆရာ/မတို့၏ ထောက်ပံ့ကြေးကို ထပ်မံဖြည့်ဆည်းပေးနေရကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီလက်အောက်ရှိ မွန်အမျိုးသားကျောင်းများတွင် လက်ရှိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ယခင်နှစ်တို့ထက် ကျောင်းအပ်နှံသူ ပိုများလာနေကြောင်းလည်း တာဝန်ရှိသူတို့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks