spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲငြိမ်သက်နေသည့်အတွက် ရေဖြူစစ်ဘေးရှောင်အချို့ နေရပ်ပြန်

    တိုက်ပွဲငြိမ်သက်နေသည့်အတွက် ရေဖြူစစ်ဘေးရှောင်အချို့ နေရပ်ပြန်

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုနှင့် နတ်ကြီးစင်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူအချို့ နေရပ် ပြန်လာနေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဧပြီလလယ်ခန့်က မင်းသားကျေးအုပ်စုအတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည်။

    နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် မင်းသားကျေးရွာအုပ်စုနှင့် နတ်ကြီးစင်ကျေးရွာအုပ်စုအတွင်းရှိ စိန်ဘုံ၊ ဘုရားသုံးဆူ၊ ဆင်စွယ်၊ ကျောက်တလုံး၊ ရေငံကြီး အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိတွင် ဒေသတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားသည့်အပြင် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာကြခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “လွန်ခဲ့တဲ့ ၄ ရက်လောက်ကပဲ စစ်သားတွေက ရွာတွေကနေ အကုန်ထွက်သွားကြတယ်။ ရွာတွေမှာ စစ်သားတွေလည်း မရှိကြတော့လို့ စစ်ရှောင်တွေက ရွာကို ပြန်လာနေပြီ။ မင်းသားကျေးရွာနဲ့ နတ်ကြီးစင်ကျေးရွာဘက်မှာလည်း လူတွေ ဝင်ရောက်နေထိုင်နေကြပါပြီ။ ဒါပေမဲ့ တစ်ချို့စစ်ရှောင်တွေက အခြေအနေစောင့်ကြည့်နေသေးလို့ မပြန်လာကြတာလည်း ရှိတယ်။ လောလောဆယ်တော့ ငြိမ်နေတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

    တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများသည် တောတောင်၊ ဥယျာဉ်ခြံနှင့် နီးစပ်ရာ မြို့၊ ရွာ၊ ဆွေမျိုး မိတ်ဆွေတို့ထံ နေထိုင်နေကြသည့် စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်ရှိနေသည်။

    လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်တို့က နေရပ်သို့ မပြန်နိုင်ကြသေးဘဲ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

    နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားသောက်ရေးအပြင် မိုးတွင်းကာလ ဖြစ်သည့်အတွက် ရာသီသုပ်ကွေး၊ ဝမ်းရောဂါ၊ အရေပြားရောဂါများ ဖြစ်ပွားနေကြသည်ဟု မွန်၊ ကရင်၊ တနင်္သာရီက လူ့အခွင့်အရေးချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်နေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင် (HURFOM) က ပြောသည်။

    ၎င်းပြင် လက်ရှိကာလသည် ကျောင်းဖွင့်ရာသီဖြစ်သော်လည်း စစ်ဘေးရှောင်နေရသည့်အတွက် ကလေးများ ကျောင်းမတက်နိုင်ပဲ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရသည်ဟုလည်း ဆိုသည်။

    “သူတို့အတွက် စားသောက်ရေးက သိပ်မခက်ခဲပေမဲ့ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခု ဖြစ်တယ်။ ရောဂါအခံရှိတဲ့သူတွေ၊ လစဉ်ပုံမှန်ဆေးသောက်နေရတဲ့သူတွေအတွက်ကတော့ ဆေးဝါးကုသခွင့်တွေ ရချင်မှ ရတော့တယ်။ ပြီးတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကလည်း ကျန်းမာရေးစောက်ရှောက်မှုတွေ အားနည်းလာတယ်။ မိုးတွင်းလည်းဖြစ်တော့ ရာသီအကူးအပြောင်းရောဂါတွေ ဖြစ်ကြတယ်။ နောက်ပြီး အခု ကျောင်းတွေက ပြန်ဖွင့်နေပြီ အဲတော့ ဒီစစ်ရှောင်ကလေးတွေက ကျောင်းတက်ခွင့်မရကြတော့ဘူး။ အခွင့်အရေးဆုံးရှုံးသွားကြတယ်။ ပြီးတော့ ပြန်လာတဲ့သူတွေကလည်း ကလေးတွေကို ကျောင်းပေးတက်ဖို့ကလည်း စိတ်ချလို့ရတဲ့ အနေအထားမှာ မရှိနေဘူး။ ပြန်လာတဲ့သူတွေကလည်း တကယ်လုံခြုံပြီးလားဆိုတာကို စဉ်စားစရာ ဖြစ်နေဆဲပါ။ ပြောရရင် တိုက်ပွဲဖြစ်ဖူးတဲ့ဒေသတွေက လုံခြုံမှု၊ ယုံကြည်စိတ်ချရမှုတွေကို ပြန်တည်ဆောက်နိုင်ဖို့ အချိန်အကြာကြီး ယူရအုံးမှာ ဖြစ်တယ်” ဟု HURFOM ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    မင်းသားကျေးရွာအုပ်စုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်နှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးသောင်းကျော်တို့က ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရကြောင်း FE5 Tanintharyi ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks