spot_img
Sunday, June 1, 2025
More
    spot_img
    Homeသတင်းသတင်းထောက်ဖြစ်ချင်တဲ့ကျနော်

    သတင်းထောက်ဖြစ်ချင်တဲ့ကျနော်

    -

    အတွေးအမြင်၊ လဝီဝမ်

    တက္ကသိုလ်တွေတက် သတင်းထောက်ပညာနဲ့ ဘွဲ့ရပြီးမှ ကျနော်သတင်းထောက်ဖြစ်လာတာ မဟုတ်ပါ။ ကျနော်က နိုင်ငံခြားရေးရာသင်တန်းကျောင်း ချင်းမိုင်းမှာ ၁၀ လလောက် တက်ဖြစ်တယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နိုင်ငံခြားဆက်ဆံရေးကို သင်ပေးတဲ့ ကျောင်းလို့ ပြောရမှာပေါ့။

    နိုင်ငံတကာဆိုတော့ ကမ္ဘာမှာရှိနေတဲ့ နိုင်ငံတွေအကြောင်း တော်တော်များများ လေ့လာဖြစ်တယ်။ အဓိကတော့ သူတို့ရဲ့ဒီမိုကရေစီ ဘယ်လိုပုံစံနဲ့ တည်ဆောက်လာတာလဲ ပြီးတော့ လူ့အခွင့်အရေးစံနှုန်းတွေ အဲဒီနိုင်ငံမှာ ဘယ်လိုရှိလဲ ဒါကို လေ့လာတာပါ။

    ပြီးတော့ အဲဒီနိုင်ငံတွေက အာဏာရှင်စနစ်ကို ဘယ်လိုတိုက်ဖျက်လာတာလဲဆိုတာ လေ့လာတာပါ။ ကျနော်ကတော့ မွန်ပြည်မှာ ဆယ်တန်းအောင်ခဲ့တာပါ။ အင်္ဂလိပ်စာလေ့လာချင်တဲ့စိတ်နဲ့ ထိုင်းနိုင်ငံထဲ သွားရောက်ခဲ့တယ်။ ကျနော်အင်္ဂလိပ် လေယူလေသိမ်းက မြန်မာလိုအသံထွက်နေတော့ ကျနော်မှာ အင်္ဂလိပ်တစ်ယောက်နဲ့တွေ့မှ ဖြစ်မယ်လို့ ခံစားမိတယ်။ ပြီးတော့ သူ့ဆီက အင်္ဂလိပ်စကား သင်ယူမှ ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပြောလိုက်တဲ့ အင်္ဂလိပ်စကားက နိုင်ငံခြားသားတွေ နားမလည်ဘူး။ ဘာကြောင့်လဲဆိုတော့ လေယူလေသိမ်းမှ မမှန်တာ။ ဘာကြောင့် ဒီနိုင်ငံခြားရေးရာသင်တန်း (Foreign Affairs Training) ကျောင်းတက်ရလဲလို့ မေးရင် အဲဒါက  အဓိကသော့ချက် ဖြစ်တယ်။

    ကျနော်ရဲ့ ကျောင်းဆရာမ နာမည်က ခရစ်တီးနား ဖြစ်တယ်။ သူက ကျနော်ပြောလိုက်တဲ့ အင်္ဂလိပ်စကား အသံထွက် မမှန်ဘူးဆိုရင် ချက်ချင်းပြင် အသံနေအသံထားမှန်မှန်နဲ့ ပြန်ပြောခိုင်းတယ်။ ရှက်ပါတယ် ဒါပေမဲ့ ရှက်မရဘူးပေါ့ ကျောင်းထဲမှာဆိုတော့။ ဒီလိုနဲ့ အဲဒီသင်တန်းကနေတဆင့် ကျနော် အင်္ဂလိပ်စာတော်တော်လေး တိုးတက်လာတယ်လို့ ပြောရမယ်။

    ဆရာမက ကျနော်သတင်းထောက်ဖြစ်ချင်တယ်ဆိုတာ သူသိတယ်။ ကျနော်လည်း စာသင်ခန်းထဲမှာ ဘာဖြစ်ချင်လဲလို့ မေးရင် စာရေးဆရာဖြစ်ချင်တယ်လို့ သူ့ကို ပြောဘူးတယ်။ အဲဒါနဲ့ပဲ သင်တန်း ၁၀ လပြီးတော့ အလုပ်အတွေ့အကြုံ လေ့လာရေးဆိုပြီး ၃ လအတွက် ကျနော်ကို ချက်ပြည်သူ့သမ္မတနိုင်ငံကို ပို့လိုက်တယ်။

    ဥရောပ နိုင်ငံအဖွဲ့ဝင်ဖြစ်တဲ့ ချက်ရောက်တော့ အန်ဂျီအိုအဖွဲ့တစ်ခုမှာပဲ ဝင်ရောက်လုပ်ကိုင်တယ်။ သူတို့ဆီက အတွေ့အကြုံရအောင် လေ့လာသင်ယူတဲ့ သဘောပါ။ သူတို့က အန်ဂျီအိုဆိုတော့ မီဒီယာအဖွဲ့အစည်းအလုပ်မဟုတ်ပေမဲ့ တစ်ချို့အလုပ်မှာတော့ ဗီဒီယိုရိုက်ကူးရေးအလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေ ရှိတယ်။ ဗီဒီယိုဘယ်လိုရိုက်ရတယ် ဘယ်လို  တည်းဖြတ်ရတယ်ဆိုတာ သူတို့ သင်ပေးကြတယ်။

    ချက်ရောက်တော့ ချက်က သတင်းဌာနတွေ အများကြီး။ ကျနော်တို့မြန်မာမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာအောင် လူငယ်တွေ ဘယ်လိုရုန်းကန်လှုပ်ရှားနေတဲ့အကြောင်း လာအင်တာဗျုးကြတယ်။ ကျနော်နဲ့ အတူသွားတာက ကိုဇော်ဝင်ထွန်းပါ။ ချက်မှာ ကျနော်တို့ နှစ်ယောက်အကြောင်း မီဒီယာမှာ တော်တော်လေးပါလာတာ သတိထားမိတယ်။ သတင်းထောက်တွေ ကိုယ့်ကိုမေးတာတော့ ဖြေပေးတယ်။

    အခြားတစ်ဖက်မှာလည်း သူတို့သတင်းထောက်အလုပ်ကိုလည်း ကိုယ်က စိတ်ဝင်စားတယ်။ ဒါက ၂၀၀၄ ခုနှစ်တုန်းကပါ။

    ချက်နိုင်ငံကနေ ပြန်မလာခင် ကိုဇော်ဝင်ထွန်း ကင်မရာတစ်လုံးဝယ်ချင်တယ်။ ကျနော်ကျတော့ သတင်းထောက်ဖြစ်လာရင် အဲဒီသတင်းတိုက်က ကင်မရာကို ယူသုံးမှာမို့ ကျနော်မဝယ်ဘူးလို့ သူ့ကို အဲဒီလို ပြောလိုက်တယ်။

    ချက်က ပြန်လာတော့ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှာပဲ အလုပ်လုပ်နေတယ်။ အလုပ်လုပ်နေရင်း ဧရာဝတီသတင်းဌာနက သတင်းထောက်တွေအတွက် အလုပ်လျောက်လို့ရတဲ့အကြောင်း ကြေငြာချက်တစ်ခုမှာ တွေ့တော့ ကျနော်အလုပ်လျှောက်ဖြစ်တယ်။ လူတွေ အများကြီးလျှောက်တဲ့အထဲမှာ ၄ ယောက် ရွေးတာ ကျနော်လည်း ပါလာတယ်။

    အလုပ်လုပ်ဖို့က သင်တန်း ၁ လ တက်ရမယ်တဲ့။ ဒါက သတင်းထောက် ၄ ယောက်အတွက် မွမ်းမံသင်တန်းပေါ့။ အဲဒီ ၄ ယောက်ထဲမှာ ကျနော်၊ စောရန်နိုင်၊ ကိုသားငယ်နဲ့  ခွန်စံ ပါတယ်။ ၄ ယောက်စလုံးက တိုင်းရင်းသားတွေပဲ။ ကျနော်တို့သင်တန်းဆရာနာမည်ကျတော့ ဆရာဆိုး (နာမည်လွဲ) ဖြစ်တယ်။ သူက တရုတ်ကပြားဖြစ်ပေမယ့် အမေရိကန်နိုင်ငံသားပါ။ သင်တန်းဆရာက  သင်တန်းပို့ချတဲ့နေရာမှာ ကောင်းပြီး အရမ်းနာမည်ကြီးတဲ့ တစ်ယောက်ပါ။

    ဟောင်ကောင်းတက္ကသိုလ်တစ်ခုမှာ သတင်းထောက်ဘာသာရပ်နဲ့ ကျောင်းဆရာတောင် လုပ်ဘူးတယ်တဲ့။ ကျနော်တို့ ၄ ယောက်ကို သင်တန်း ၂ ပတ် သင်ပြီးတော့ ၄ ယောက်ထဲမှာ ၂ ယောက်ကို ရွေးမယ်တဲ့။ ၃ ပတ်သင်တန်းရောက်ချိန်မှာ သတင်းထောက်ဖြစ်နိုင်တဲ့ အရည်အချင်းရှိလားဆိုတဲ့သဘောနဲ့ ကျနော်တို့ ၄ ယောက်ကို စိစစ်တော့တာပဲ။ ကျနော်ကို ဘယ်လိုစစ်လဲဆိုတော့ မွန်ပြည်သစ်က အရပ်သားတစ်ယောက်ကို သတ်လိုက်တယ်ဆိုပါတော့ နင်က အဲဒီသတင်းကို ရေးမှာလားလို့  ကျနော်ကို မေးတယ်။ လုံခြုံတဲ့ ချင်းမိုင်းလိုမျိုး ဧရာဝတီသတင်းဌာနဆီမှာ အလုပ်လုပ်ရနေလိုမျိုးဆိုရင် အဲဒီသတင်း ကျနော်ရေးမယ်လို့ သူ့ကို ပြောလိုက်တယ်။ ဒါပေမဲ့ ကျနော်က နယ်စပ်စံခလဘူရီမှာ နေနေရရင်တော့ အဲဒီသတင်း ကျနော်မရေးဘူးလို့ သူ့ကို ပြောလိုက်တယ်။ အဲဒါဆိုရင် နင်က သတင်းထောက်ဖြစ်လို့ မရဘူးတဲ့။ သူ ကျနော်ကို အဲဒီလို ပြောလိုက်တယ်။

    ချက်ချင်းသတင်းအခန်းထဲမှာပဲ နင်ဘဝကို မေ့မနေနဲ့လို့ ကျနော် သူ့ကို ပြန်ပြောလိုက်တယ်။ နင်တို့ အဖေက ကွန်မြူနစ်တရုတ်အစိုးရကို ကြောက်လို့ ထိုင်ဝမ်ကနေ အမေရိကန် ရောက်သွားတာ၊ နင် အခုအမေရိကန်နိုင်ငံသားဖြစ်လို့ ဒီလိုစကားပြောနေတာပါလို့ ကျနော်ပြောပြတာပေါ့။ ကျနော်သာ အမေရိကန်နိုင်ငံသားဖြစ်ရင် ကျနော်လည်း ဒီလိုလူသတ်သတင်းက ရေးမှာပဲလို့ ပြောလိုက်တယ်။

    အဲဒီလို ပြောတဲ့အပေါ် သူ ကျနော့်ကို ဒေါသထွက်တာကိုလည်း သတိထားမိတယ်။ သင်တန်းက ၁ လတောင် မပြည့်ဘူး ကျနော်ကို သတင်းထောက်ဖြစ်နိုင်တဲ့ အရည်းအချင်းမရှိသူလို့ ဆုံးဖြတ်ပြီး သင်တန်းကနေ နားလိုက်ရတယ်။ စောရန်နိုင်ကျတော့ အသက်ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူလည်း သင်တန်းကနေ ထွက်သွားလိုက်ရတယ်။ ကိုသားငယ်နဲ့ ခွန်စံတို့နှစ်ဦးပဲ သင်တန်းဆက်တက်ခွင့်ရတယ်။

    ကျနော်ချင်းမိုင်းက ပြန်လာပြီး မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှာပဲ ဆက်ပြီး အလုပ်လုပ်တယ်။ သတင်းထောက်ဖြစ်ချင်တယ် ဒါပေမဲ့ ဆရာဆိုးက သူ့ပေတံနဲ့ တိုင်းလိုက်တော့ ကျနော်တစ်ယောက် သတင်းထောက်ဖြစ်ခွင့်မရဘူး။ ဒါပေမဲ့ ကျနော်စိတ်ဓာတ် မကျခဲ့ပါဘူး။

     ၂၀၀၆ လောက်မှာ မွန်ဟံသာဝတီပြည်ပျက်သုဉ်းတဲ့ နေ့ဆိုပြီး မွန်လူငယ်တွေ အောက်မေ့ဖွယ်အခမ်းအနား လုပ်နေချိန် မော်လမြိုင်မှာ မြန်မာစစ်တပ်က အခမ်းအနား မလုပ်ဖို့ ပိတ်ပင်တယ်။ အဲဒီအကြောင်းအရာကို အင်္ဂလိပ်လို ကျနော်ရေးပြီး ဧရာဝတီသတင်းဌာနကို ပို့ကြည့်တယ်။ ကျနော်ကံကောင်းတာက ကျနော်ဘေးနားမှာ နိုင်ငံခြားသား အသိတစ်ယောက်ရှိတယ်။ သူ့ကို အကူညီတောင်းပြီး ကျနော်ရေးတဲ့ အင်္ဂလိပ်စာကို တည်းဖြတ်ခိုင်းတယ်။ ဧရာဝတီက အဲဒီသတင်းကို ယူသုံးတယ်။ အဲဒီကနေတဆင့် ကျနော် ဧရာဝတီသတင်းဌာနနဲ့ ချိတ်ဆက်ရသွားတယ်။ မွန်ဒေသဘက်မှာ သတင်းတွေရှိရင် ပုံမှန်ရေးပေးဖို့ သူတို့တောင်းဆိုလာတယ်။

    ဆရာဆိုးက ကျနော်ကို လက်မခံပေမဲ့ ကျနော်တစ်ယောက် သတင်းထောက်ပေါက်စတော့ စဖြစ်လာပြီလို့ ခံစားရတယ်။ သတင်းထောက်မဖြစ်ခင်မှာ ဘယ်လောက်အထိ တိုက်ခိုက်ခံရလဲလို့ မေးရင် မွန်ညီမတစ်ယောက် သူက လွတ်လပ်သောမွန်သတင်းဌာနမှာပဲ လုပ်နေချိန်မှာ ကျနော်ကို ဘာပြောလဲဆိုတော့ အကိုက ဟိုယောင်ယောင် ဒီယောင်ယောင်တဲ့။ သတင်းထောက်ဖြစ်လို့ မရဘူးတဲ့။ သူကျတော့ ချင်းမိုင်းသတင်းသင်တန်းကျောင်းဆင်းဆိုတော့ သူ့ကိုယ်သူ သတင်းထောက်မလေး ဖြစ်နေပြီလို့ ထင်နေတာ။ သူ အဲဒီလိုပြောတော့ ကျနော်လည်း ဘာမှ ပြန်မပြောဘူး။ ဒါပေမဲ့ တကယ်တမ်း သတင်းထောက်ဖြစ်လာတာ ကျနော်ပါ။ သူကတော့ သတင်းထောက် မဖြစ်ခဲ့ပါဘူး။ အပြင်လောကထဲ ရောက်သွားတယ်။

    ချင်းမိုင်း ဧရာဝတီသတင်းဌာနဆီမှာ သွားရောက်အလုပ်လုပ်တာက ၂၀၀၈ မှာ ဖြစ်တယ်။ မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းရေးလုပ်တော့ ဧရာဝတီသတင်းဌာနအနဲ့အတူ ၂၀၁၂ အကုန်မှာ ရန်ကုန်ဌာနမှာ သွားရောက်အလုပ်လုပ်တယ်။ ၂၀၁၄ လောက်မှာ ဆရာဆိုးက ဧရာဝတီရုံး လာလည်တော့ မနက်ရုံးတက်ချိန်လည်းဖြစ်တော့ ကျနော်လည်း မထင်မှတ်ပဲ သူနဲ့ ရုံးမှာ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ကြတယ်။

    ကျနော်သူ့ကို ကောင်းကောင်းမွန်မွန်ပဲ နှုတ်ဆက်လိုက်တယ်။ နင် ကျနော်ကို မှတ်မိတယ်မလား ကျနော် လဝီဝမ်ပါလို့ သူ့ကို ပြောလိုက်တယ်။ မှတ်မိတာပေါ့လို့ သူ ကျနော်ကို ပြန်ပြောတယ်။ ကျနော်သတင်းထောက်ဖြစ်နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ အရင်တုန်းက နင်ကျနော်ကို ပြောခဲ့တယ်မလား။ နင်ကျနော်ကို အထင်သေးခဲ့တယ်မလား မေးတော့ သူ မျက်နှာပျက်ပြီး သူ ကျနော်ကို စကားတောင် အများကြီး ဆက်မပြောတော့ဘဲ ရုံးထဲက အခြားသူ့အသိတွေထဲက သတင်းထောက်တွေနဲ့ပဲ စကားပြောတော့တယ်။

    ဒီနေရာမှာ ပြောချင်တာက လူတွေဟာ သူတို့စိတ်နဲ့ မတည့်ရင် ဒီလူက သတင်းထောက်ဖြစ်လို့ မရဘူး လုပ်လိုက်တဲ့သဘောပါ။ ဒါပေမဲ့ ကျနော်နဲ့ စောရန်နိုင်ကျတော့ ဧရာဝတီသတင်းဌာနမှာ အကြီးတန်းသတင်းထောက်အနေနဲ့ တာဝန်ရခဲ့တယ်။ ဧရာဝတီသတင်းဌာနမှာ ၁၃ နှစ်လောက် အလုပ်လုပ်ခဲ့တယ်။

    အလုပ်လုပ်ခဲ့တဲ့ ၁၃ နှစ်ကာလမှာ နိုင်ငံတကားသတင်းဌာနဆီက အလုပ်ခေါ်စာတွေ တွေ့တယ်၊ ဒါပေမဲ့ မလျှောက်ရဲဘူး ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာ တက္ကသိုလ်တစ်ခုခုဆီက သတင်းထောက်ပညာနဲ့ ဘွဲ့မရခဲ့လို့ပါ။ အဲဒီအခါတုန်းက အားငယ်တဲ့ စိတ်တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဧရာဝတီသတင်းဌာနကနေ ထွက်လာပြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်းပြီးများ မကြာခင် AFP သတင်းဌာနက ကျနော်ကို အချိန်ပိုင်းအနေနဲ့ အလုပ်ပေးတယ်။ ရုံးပိတ်ရက် ၂ ရက်ဆိုရင် ကျနော်အလှည့်ကျတာဝန် ဖြစ်တယ်။ ဒီကနေ့အထိ လုပ်နေတုန်းပါ။

    ဘွဲ့လက်မှတ်မရှိလို့ ယူအန်လို အဖွဲ့အစည်း အလုပ်မလျှောက်တဲ့ကျနော်  သတင်းစုံစမ်းတာနဲ့ ပတ်သက်ပြီး သူတို့က ကျနော်ကို အလုပ်တစ်ခုပေးတယ်။ ကျနော်ထုတ်ကြွားပြီး ပြောတာတော့ မဟုတ်ပါ။ အခြားသတင်းထောက်တွေ နားလည်လာအောင် သတင်းထောက်မှာ ဘွဲ့မရှိပေမဲ့ ကိုယ့်ရဲ့အလုပ်သက်တမ်းနဲ့ ကိုယ်လုပ်ထားတဲ့ အလုပ်ရဲ့ အရည်အချင်းကို ကြည့်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက အလုပ်ပေးတာကို ပြောပြချင်တာပါ။ ဘွဲ့မရှိပေမဲ့ အားငယ်စရာမလိုဘူး ပြောချင်တာပါ။

    သတင်းထောက်ကောင်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားသတင်းထောက်တွေနဲ့လည်း ဆွေးနွေးဖြစ်တယ်။ သူတို့ပြောတာက သတင်းထောက်ကောင်းဆိုတာ တက္ကသိုလ်ကနေပဲ ထွက်လာတာ မဟုတ်ဘူးတဲ့။ မြေပြင်မှာ ကိုယ်မြင်ထားတဲ့အရာတွေ အားလုံးကိုယ့်ရဲ့ သတင်းထဲမှာ ကောင်းအောင် ဘယ်လောက်အထိ ရေးနိုင်လဲဆိုတာ ဒါက အဓိကပဲတဲ့။ သတင်းထောက်တွေအားလုံး ဒီလိုကာလမှာ စိန်ခေါ်မှုနဲ့ ခက်ခဲပေါင်းများစွာနဲ့ ကျော်ဖြတ်နေရချိန်ဖြစ်ပြီး ကိုယ်လိုရာခရီးရောက်အောင် ဘွဲ့မရှိပေမဲ့ ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တယ်ဆိုတာ ပြောပြရင်း  ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ။ 

    ReplyForwardAdd reaction

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts