spot_img
Friday, August 1, 2025
More
    spot_img
    Homeသတင်း“ဘယ်လိုလုပ်ရမလဲဆိုတော့ နှစ်ဖက်စလုံးက အားပြိုင်နေကြတယ်။ နှစ်ဖက်စလုံးက အပြိုင်အဆိုင်လုပ်နေကြမယ်ဆိုလို့ရှိရင် လူထုတွေက နစ်နာတယ်ပေါ့နော်။ ကျွန်မတို့ကစ ဒုက္ခရောက်သလား မပြောနဲ့ပေါ့နော်။ မသွားလို့ မဖြစ်တဲ့အနေအထားမှာ...

    “ဘယ်လိုလုပ်ရမလဲဆိုတော့ နှစ်ဖက်စလုံးက အားပြိုင်နေကြတယ်။ နှစ်ဖက်စလုံးက အပြိုင်အဆိုင်လုပ်နေကြမယ်ဆိုလို့ရှိရင် လူထုတွေက နစ်နာတယ်ပေါ့နော်။ ကျွန်မတို့ကစ ဒုက္ခရောက်သလား မပြောနဲ့ပေါ့နော်။ မသွားလို့ မဖြစ်တဲ့အနေအထားမှာ အန္တရာယ်ကြားက ဖြတ်သွားနေရတာပါလို့။ အဲ့ဒါကြောင့် အထက်ကလူကြီးတွေက ညှိနှိုင်းပြီးတော့ ဘယ်လို ပြောရမလဲ လူတွေဒီလောက်ထိ ဒုက္ခရောက်နေတာကို ကြည့်ပြီးတော့ ညှိနှိုင်းသင့်ပြီလို့။ သူတို့တွေက အဆင်ပြေအောင် ညှိနှိုင်းလို့ရှိရင်တော့ ကျွန်မတို့ နိုင်ငံ အေးချမ်းမှာပေါ့နော်”

    -

    ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် အမျိုးသမီးပါတီ( မွန်) သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အမျိုးသမီးပါတီ( မွန်) သည် အာဏာသိမ်း စစ်ကောင်စီထံ ပါတီမှတ်ပုံတင် ပြန်လျှောက်ထားပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇွန်လတွင် ပါတီမှတ်ပုံတင်ခွင့်ပြုထားသည်။

    စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသမီးပါတီ (မွန်) စီစဉ်နေသည့်အတွက် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုအခြေအနေနှင့် ပတ်သက်ပြီး ပါတီဥက္ကဌ မိသန်းရှင်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ အမျိုးသမီးပါတီ (မွန်) အနေနဲ့ ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။

    ဖြေ ။ ။ ကျွန်မတို့ လှုပ်ရှားမှုကို ဘာမှ မလုပ်ရသေးဘူး။ ကျွန်မတို့ ဒေသ ဖွံ့ဖြိုးဖို့ အဲ့ဒါပဲ ဇောက်ချပြီး လုပ်နေတာပါ။ ကျွန်မတို့ အဲဒီကဏ္ဍကိုတော့ မလှုပ်ရှားရသေးဘူး။ မစဉ်းစားရသေးဘူး ဖြစ်နေတယ်။ အခု ကော်မရှင်က ကျွန်မတို့ မှာ ရုံး ၁၀၀ ကျော် ပို့ရမှာလေ။ အဲဒါ စာရင်းပြရမယ်။ အဲဒီကိစ္စကို ကျွန်မတို့ ကြိုးစားနေ တယ်။ နောက်ပြီးတော့ ကျွန်မတို့မှာလည်း ရန်ပုံငွေတွေ ဘာတွေ မရှိဘူးလေ။ ကိုယ်ထူကိုယ်ထနဲ့ ပိုက်ဆံရှာရတယ်။ အမျိုးသမီးတွေ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ အခြားအရာတွေ စဉ်းစားဖို့ အချိန်မရဘူး။ ပါတီ ရပ်တည်ဖို့ နောက်ပြီးတော့ ကျွန်မတို့ မွန်တွေ ရှိတဲ့နေရာကို ကျွန်မတို့ သွားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ စဉ်းစားထားသေးတာ။ ကျန်တဲ့ဟာကျတော့ ကျွန်မတို့ မစဉ်းစားရသေးဘူးပေါ့နော်။ အဲ့လိုမျိုးတော့ရှိပါတယ်။

    မေး ။ ။ လာမယ့်ရွေးကောက်ပွဲမှာ ဘာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်တာလဲ။

    ဖြေ ။ ။ ဘယ်လိုပြောရမလဲဆိုရင် ကျွန်မတို့ တစ်တိုင်းပြည်လုံး သွားမယ်ဆိုတာက ကျွန်မတို့ မွန်တွေက တစ်တိုင်းပြည်လုံးကို ပျံ့နှံ့နေတဲ့သဘော အနေအထားမှာ ရှိပါတယ်။ အဲဒီနေရာကို ကျွန်မတို့ သွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ ရှိတာပါ။ ကျန်တဲ့နေရာကျတော့ ကျွန်မတို့ စဉ်းစားထားတာ မရှိဘူး။ ကျွန်မတို့ မွန်တွေရှိတဲ့နေရာက မြန်မာတစ်နိုင်ငံလုံးမှာ ပြန့်ကျဲပြီး ရှိနေတဲ့အတွက် ကျွန်မတို့ တကယ်လို့ တစ်တိုင်းပြည်လုံး မသွားဘူးဆိုရင် ကျွန်မတို့ မွန်တွေရှိတဲ့နေရာကို ကျွန်မတို့ ချိတ်ဆက်သွားလို့မရဘူးလေ။ အဲတာကြောင့် ကျွန်မတို့ တစ်တိုင်းပြည်လုံးလို့ လုပ်ထားတာပါ။ ကျန်တဲ့ဟာကျတော့ ကျွန်မတို့ မစဉ်းစားရသေးဘူး မစဉ်းစားနိုင်တဲ့အခြေနေမှာ ရှိနေပါတယ်။

    မေး ။ ။ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံနိုင်သည့်အဖွဲ့အစည်းတွေလည်း ရှိနေတော့ လုံခြုံရေးစိုးရိမ်ချက်ရော ရှိနေလား။

    ဖြေ ။ ။ ကျွန်မတို့ လုံခြုံရေးကဏ္ဍကကျတော့ ကျွန်မတို့ ဒီလိုပဲ သွားလာနေတာပဲ။ ဘာမှလည်း ပြဿနာမရှိဘူး။ သူတို့ကလည်း ကျွန်မတို့ကို အဆက်အသွယ် မလုပ်ဘူး။ ကျွန်မတို့ကလည်း အဆက်အသွယ် မလုပ်ဘူး။ ကျွန်မတို့ သွားတဲ့လမ်းတလျှောက်မှာ ကျွန်မတို့ ဦးတည်ရာ ကျွန်မတို့ လုပ်တဲ့အလုပ်ကိုပဲ ဦးစားပေးတယ်။ ကျန်တဲ့ အရာကတော့ ကျွန်မတို့ မကြည့်ဘူး။ မပြောဘူး။ ကိုယ်နဲ့ မဆိုင်သလိုမျိုး လုပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရက်စက်တာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်မလုပ်နိုင်တဲ့ ကဏ္ဍမလို့ မစဉ်းစားတာပါ။ ကျန်တဲ့ဟာကျတော့ ကိုယ်သွားတဲ့ လမ်းခရီးကိုပဲ ဖြောင့်ဖြောင့်တန်းတန်းဖြစ်အောင် ကိုယ်လုပ်တဲ့ အလုပ်က အောင်မြင်မှုရအောင် ဘယ်သူမှလည်း အန္တရာယ်မဖြစ်အောင် အားလုံးကို ကိုယ်က မေတ္တာတရားနဲ့ပေါ့နော် ကျွန်မတို့အဖွဲ့က။ အားလုံးကို တွေ့တဲ့လူတိုင်းကို ကိုယ့်ရဲ့ သားအရင်းလို ကိုယ့်ရဲ့ဆွေမျိုးသားရင်းလိုပဲ အားလုံးသဘောထားတဲ့အတွက် ဘာမှလည်း ပြဿနာ မရှိခဲ့ပါဘူး။ ကျွန်မတို့မှာ အန္တရာယ် မရှိပါဘူး။

    မေ ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုမြင်ပါသလဲ။

    ဖြေ ။ ။ နိုင်ငံရေးအခင်းအကျင်းကျတော့ ကျွန်မတို့က အကောင်းဆုံးဖြစ်ချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်။ ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းကို နေချင်ပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုဖြစ်နေတဲ့အပေါ်မှာ ကျွန်မတို့နိုင်ငံရဲ့ ကပ်တစ်မျိုး စိုက်နေလို့လည်း ပြောရမယ်။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံအေးချမ်းမလား ခဏကျ မြေပြိုမလား ခဏကျ ငလျင်လှုပ်မလား ဒါတွေက ဘယ်လိုပြောမလဲ ဆုံးဖြတ်ရခက်တဲ့ အနေအထားတစ်ခုမှာ ဖြစ်နေတယ်။ ဘယ်သူ့ကို အပြစ်ပြောရမှန်းလဲ ကျွန်မတို့ မပြောတတ်တော့ဘူးလေ။ အဲ့လိုမျိုး ကျွန်မတို့တွေ့လို့ရှိရင် အားလုံးသနားတယ်ပေါ့နော်။ အပြင်ကလူ တွေ့ရင်လည်း သနားတယ်။ သူတို့လည်း မလုပ်ချင်ဘဲနဲ့ လုပ်နေရတာပေါ့နော်။ အထဲက အဖွဲ့ကလည်း သူတို့က နိုင်ငံကို ဘယ်လို အုပ်ချုပ်ရမလဲ ဘယ်လိုထိန်းရမလဲဆိုတဲ့ အနေအထားက သူတို့လည်း ပြာယာနေပြီ။ နှစ်ဖက်စလုံးကို ဘယ်သူ့ ကို အပြစ်ပေးရမလဲဆိုတာ ကျွန်မ ပြောရခက်နေပြီ။ ဘာဖြစ်လို့ဆိုတော့ ဒီငလျင်တို့ ဘာတို့ ညာတို့ ဖြစ်နေတာ ကိုဗစ်တို့ ဘာညာ ဒါလူတွေ လုပ်လိုက်တဲ့ ကိစ္စမဟုတ်ဘူးလေ။ သူ့ဘာသာသူဖြစ်နေတဲ့အတွက် အခုကျွန်မတို့နိုင်ငံရဲ့ အခင်းအကျင်းဖြစ်နေတာက ကျွန်မတို့နိုင်ငံ ကပ်တစ်မျိုးစိုက်နေတာလို့ပဲ ကျွန်မပြောပါရစေ။

    မေး ။ ။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လောက် အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။

    ဖြေ ။ ။ ကျွန်မတို့ ပါတီကျတော့လေ စဉ်းစားထားတာလည်း မရှိဘူး။ လှုပ်ရှားတာလည်း အဲ့ကဏ္ဍမှာ မလုပ်နိုင်သေးဘူး။ မလုပ်ရသေးဘူး ဖြစ်နေတဲ့အတွက် နိုင်မယ်လို့လည်း လုံးဝ မစဉ်းစားထားဘူးလေ။ ဒါပေမဲ့ ကျွန်မတို့ ယူမှာက ကျွန်မတို့ ဒေသက မွန်တွေအတွက် ဖွံ့ဖြိုးရေးလုပ်နိုင်တဲ့ အဲ့ကဏ္ဍလောက်တော့ ကျွန်မတို့ ကြိုးစားသွားမယ်လို့ ကျွန်မ ပြောပါရစေ။

    မေး ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

    ဖြေ ။ ။ ကျွန်မ အနေအထား ပြောမယ်ဆိုလို့ရှိရင် အားလုံး အဆင်ပြေဖို့ ဖြစ်စေချင်တာပေါ့နော်။ အပြင်က အထဲက အားလုံးက ပြေလည်ဖို့ လိုတာပေါ့။ ပြေလည်ဖို့ကလည်း နှစ်ဖက်စလုံးက ကြိုးစားပေးစေချင်တာပေါ့နော်။ ဒါမှလည်း ငြိမ်းချမ်းမှာမို့လို့ အေးချမ်းမှာမို့လို့ တစ်ဖက်ထဲနဲ့ မရအောင် ဒီ အခုကလေ နှစ်ဖက်လုံး ညှိနှိုင်းတိုင်ပင်ပြီးတော့ အဓိက လူကြီးပေါ့။ လူငယ်တွေကျတော့ အမိန့်ကိုပဲ နာခံနေရတော့လေ။ လူကြီးတွေကျတော့ သူတို့ နှစ်ဘက်က အေးအေးချမ်းချမ်း ညှိနှိုင်းသင့်တယ်လို့ ဘယ်လိုလုပ်ရမလဲဆိုတော့ နှစ်ဖက်လုံးက အားပြိုင်နေကြတယ်။ နှစ်ဖက်လုံးက အပြိုင်အဆိုင်လုပ်နေကြမယ်ဆိုလို့ရှိရင် လူထုတွေက နစ်နာတယ်ပေါ့နော်။ ကျွန်မတို့ကစ ဒုက္ခရောက်သလား မပြောနဲ့ပေါ့နော်။ မသွားလို့ မဖြစ်တဲ့အနေအထားမှာ အန္တရာယ်ကြားက ဖြတ်သွားနေရတာပါလို့။ အဲ့ဒါကြောင့် အထက်ကလူကြီးတွေက ညှိနှိုင်းပြီးတော့ ဘယ်လို ပြောရမလဲ လူတွေဒီလောက်ထိ ဒုက္ခရောက်နေတာကို ကြည့်ပြီးတော့ ညှိနှိုင်းသင့်ပြီလို့။ သူတို့တွေက အဆင်ပြေအောင် ညှိနှိုင်းလို့ရှိရင်တော့ ကျွန်မတို့ နိုင်ငံ အေးချမ်းဖို့ပေါ့နော်။ အဲ့ဒါကိုက ငြိမ်းချမ်းရေး ဘယ်လိုပြောမယ်ဆိုရင် အဲ့ဒီအခါကျမှ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လို့ ရှိရင် ဘာပဲလုပ်လုပ်ပေါ့နော် အားလုံးက အဆင်ပြေမယ့် အနေအထား တစ်ခုကိုပဲ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒီလောက်ပဲ ပြောပါရစေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts