spot_img
Thursday, May 22, 2025
More
    spot_img
    Homeသတင်းတရုတ်ဖိအား တော်လှန်ရေးအင်အားစုတွေ ဘယ်လိုကျော်လွှားမလဲ

    တရုတ်ဖိအား တော်လှန်ရေးအင်အားစုတွေ ဘယ်လိုကျော်လွှားမလဲ

    -

    လက်ရှိ ဆင်နွှဲနေသည့် တော်လှန်ရေးတွင် တရုတ်၏ ဖိအားပေးမှုများနှင့်ပတ်သက်၍ မည်ကဲ့သို့ ကျော်လွှားကြမလဲဆိုသည့်အပေါ် တော်လှန်ရေးအင်အားစုတွေအကြား သုံးသပ်မှုများ ရှိနေသည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) က ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့နောက် တရုတ် ဖိအားပေးမှုကြောင့် စစ်ဆင်ရေး ရပ်တန့်သွားခဲ့သလို ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားသော လားရှိုးမြို့ကိုလည်း စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းခဲ့ရသည်။

    “တရုတ်အစိုးရရဲ့ ဖိအားပေးမှုကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အထူးသဖြင့် မြောက်ပိုင်းမှာ ရှိတဲ့ တရုတ်နယ်စပ်ဒေသမှာ အခြေစိုက်ထားတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဗမာနိုင်ငံလို အိမ်နီးချင်းနိုင်ငံ အဖွဲ့အစည်းတွေ မပြောနဲ့ ဟိုးဝေးလံလှတဲ့ အာဖရိက၊ နောက်ပြီးတော့ ဆင်းရဲတဲ့ South America (တောင်အမေရိက) မှာရှိတဲ့ မြေထဲပင်လယ်မှာရှိတဲ့ နိုင်ငံက အစိုးရတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ တော်လှန်ရေး အဖွဲ့အစည်းတွေတောင်မှ တရုတ်အစိုးရရဲ့ ဖိအားမှုကို ပြန်လည်ဆန့်ကျင်တွန်းလှန်ဖို့ဆိုတာ လွယ်လှတဲ့ ကိစ္စတစ်ရပ် မဟုတ်ဘူး” မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    စီးပွားရေးကို အခြေခံကာ နိုင်ငံရေးလွှမ်းမိုးမှု လုပ်ဆောင်နေသော မဟာအင်အားကြီး တရုတ်နိုင်ငံ၏ ပေါ်လစီကို နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများက အထူးစိုးရိမ်ကြောင်းကြကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် တရုတ်ဖိအားပေးမှုအရ TNLA သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေပြီး သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်ဖွဲ့များ ပြန်ဆုတ်ရန် စစ်ကောင်စီ တောင်းဆိုမှုကို ငြင်းဆန်ထားသည်။

    တရုတ်သည် ၎င်း၏ နယ်စပ်တစ်လျှောက်တွင် ရှိသော လက်နက်ကိုင်အဖွဲ့အစည်းများကိုသာ ဖိအားပေးနိုင်ကြောင်း ကျန်ဒေသများမှာ တိုက်ရိုက်ဖိအားပေး၍ မရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ဒီဟာက လွယ်ပါတယ်။ တရုတ်က သူဖိအားပေးနိုင်တာ သူ့နယ်စပ်တစ်လျှောက်မှာပဲ ဖိအားပေးနိုင်တာ အခု တခြားဟာ မကြည့်နဲ့ TNLA နဲ့ MNDAA တောင် မတူဘူးလေ။ MNDAA က သူနဲ့ ကပ်နေတာဖြစ်တယ်။ နောက်သူနဲ့ လူမျိုးတစ်မျိုးထဲ ဖြစ်တဲ့အခါကြတော့ ဥပမာအားဖြင့် ဖြတ် ၅ ဖြတ် ဖြတ်လိုက်တယ်ဆိုရင် MNDAA က တော်တော်အခက်အခဲ သွားရောက်တယ်။ အဲဒီအခါကြတော့ တရုတ်ရဲ့ ဖိအားပေးမှုကို သူလိုက်လျော့တာ ဖြစ်တာပေါ့၊ TNLA ကြတော့ ပိုပြီး အတွင်းပိုင်းကျတာကိုး အဲဒီအခါကြတော့ သူလိုက်နိုင်သလောက် လိုက်တာပေါ့၊ ကျမတို့ ကျန်တဲ့အဖွဲ့တွေကလည်း ဒီလိုပါပဲ တရုတ်ရဲ့ တိုက်ရိုက်ဖိအားပေးမှုကို ခံစရာလည်း မလိုဘူး။ ခံဖို့လည်း အကြောင်းမရှိပါဘူး” ဟု ပြောသည်။

    တဖက်တွင်လည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံအားပေးနေပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကူအညီများလည်း ပေးနေသည်ဟု သိရသည်။

    တရုတ်၏ ဖိအားပေးမှုကို မလွန်ဆန်နိုင်သော်လည်း တော်လှန်ရေးကို သတိကြီးကြီးဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်နဂါးက ဆက်ပြောသည်။

    “မြန်မာနိုင်ငံမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းဆိုတဲ့အတိုင်း ဘာမှပြည့်စုံလုံလောက်မှု မရှိဘူး။ ဒေသထိန်းချုပ်ရေးတွေမှာလည်း သယံဇာတအပြည့်အဝရှိပေမယ့်၊ ဒေသတွင်း လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို သက်ဆိုင်ရာ နီးစပ်ရာနိုင်ငံတွေ အဖွဲ့အစည်းတွေကနေပြီးတော့ အမှီသဟဲပြုနေတဲ့အပေါ်မှာ အခုလို တရုတ်အစိုးရရဲ့ ဩဇာပေးမှု၊ ဖိအားပေးမှု ဘယ်လိုမှ လွန်ဆန်နိုင်ဖို့ ဖြစ်နိုင်မယ့် ကိစ္စမဟုတ်ဘူးလို့ ကျနော်အနေနဲ့ မြင်တယ်၊ တစ်ခုတော့ ရှိတယ်။ တရုတ်အစိုးရရဲ့ နယ်နိမိတ်တွေ လမ်းကြောင်းတွေ ပိတ်ဆို့ပြီးတော့ ဖိအားပေးမှုလို နိုင်ငံရေးအရ ဖိအားပေးမှုတွေကို မိုက်မိုက်ကန်းကန်းနဲ့ ပြန်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲဒီကြားထဲမှာ တော်လှန်ရေးကလည်း ပျောက်သွားနိုင်တယ်ပေါ့နော်၊ ဒါကြောင့် သတိကြီးကြီးနဲ့ ဆောင်ရွက်သွားကြဖို့ လိုတယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြောသည်။

    စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုအပြင် ကန့်သတ်ပိတ်ဆို့မှုများ လုပ်ဆောင်နေသလို တရုတ်အနေဖြင့်လည်း နယ်စပ်ဂိတ်အချို့ကို ကန့်သတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှပ်နှံမှု စီမံကိန်းအများအပြား ရှိနေပြီး တိုက်ပွဲများကြောင့် ၎င်းရင်းနှီးမြှပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေမှုကြောင့် ဖိအားပေးခြင်း ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

    တရုတ်ဖိအားကို ကျော်လွှားနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် တော်လှန်ရေး အင်အားစုများ ညီညွတ်ကြရန် လိုအပ်ကြောင်း သုံးသပ်သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,600SubscribersSubscribe
    spot_img

    Latest posts